အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရတ်နဲ့ ဆီးရီးယားတို့ရှိ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)နဲ့ သူ ကျောထောက်နောက်ခံပြုထားတဲ့ ပြည်သူ့စစ်တွေနဲ့ ချိတ်ဆက်နေတဲ့ အဆောက်အအုံ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ဘိုင်ဒန်က "ကျနော်တို့ကို အန္တရာယ်ပြုဖို့ ကြိုးစားနေသူအားလုံးကို ကျနော်တို့ တုံ့ပြန်မယ်" ဆိုပြီး လူမှုကွန်ယက် X ပို့စ်မှာ ရေးသားခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ဟာ “အရှေ့အလယ်ပိုင်း သို့မဟုတ် ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမှ” ပဋိပက္ခ မဖန်တီးထားကြောင်းလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဂျော်ဒန်နိုင်ငံမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုအပြီး အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရပြီး အယောက် ၄၀ လောက် ဒဏ်ရာရရှိခဲ့မှုကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ်ဟာ ဖေဖော်ဝါရီ ၂ ရက်က တာဝေးပစ် B-1 ဗုံးကြဲလေယာဉ် ပြေးလမ်းကနေ ပျံတက်ထွက်ခွာသွားတာကို ပြသတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ အီရတ်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အမေရိကန် ပြည်သူတွေရဲ့ ဘေးကင်းရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုက ဆက်လက်ရှိနေတယ်ဆိုတဲ့ CENTCOM (ဆန့်ထ်ကွမ်း) စစ်သေနာပတိ ဗိုလ်ချုပ်ကြီး မိုက်ကယ်လ်အဲရစ်ခ် ကူရီးလာ ရဲ့ ထုတ်ပြန်ချက်နဲ့အတူ အဲဒီဗီဒီယိုဖိုင်ကို X လူမှုပလက်ဖောင်းမှာ တင်ထားတာဖြစ်ပါတယ်။
အမေရိကန်မှ ပျံသန်းလာတဲ့ B-1 ဗုံးကြဲလေယာဉ်တွေ အသုံးပြုမှု အပါအဝင် အဲဒီတိုက်ခိုက်မှုဟာ အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုအတွက် ဘိုင်ဒန်အစိုးရရဲ့ အဆင့်ဆင့်သော တုံ့ပြန်မှုမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး လာမယ့်ရက်တွေအတွင်း အမေရိကန် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံအတွင်းရှိ နေရာတွေကို ပစ်မှတ်ထားခြင်း မရှိပေမဲ့ ဂါဇာရှိ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေနဲ့ ၃ လကျော်ကြာ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာကြောင်း အချက်ပြနေတာလည်း ဖြစ်ပါတယ်။
Source/Photo - Reuters