ယီမင်ရှိ အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်အဖွဲ့ဟာ အစ္စရေးနိုင်ငံ အေးလာ့ထ်မြို့က ပစ်မှတ်တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ ပြောဆိုလိုက်ပြီး ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးက သူ့ထိုးစစ်တွေကို မရပ်နားမချင်း စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ယီမင်စစ်တပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့ဟာ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းတောင်ဘက်ရှိ အူမ် အလ်-ရာ့ရှရာ့ရှ်ဒေသရှိ အစ္စရေးရန်သူတွေရဲ့ သီးခြားပစ်မှတ်တွေကို ပဲ့ထိန်းဒုံးကျည် အများအပြားနဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီးက ပြောပါတယ်။
ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာ ရန်လိုမှုတွေ ရပ်တန့်ပြီး ပိတ်ဆို့ ထားတာတွေ ရုတ်သိမ်းသွားတဲ့အထိ ဇီယွန်ဝါဒီရန်သူကို တိုက်ခိုက်ဖို့ နောက်ထပ် မြေပြင်၊ရေပြင် စစ်ဆင်ရေးတွေကို လုပ်ဆောင်ဖို့ တွန့်ဆုတ်မှာမဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ သောကြာနေ့က သူ့ရဲ့ "Arrow" ဝေဟင်ကာကွယ်ရေးစနစ်ဟာ ပင်လယ်နီ ဧရိယာရှိ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ကို ကြားဖြတ် ဟန့်တားခဲ့ကြောင်း အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဟူသီတွေဟာ ပါလက်စတိုင်းပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ပြသတဲ့လုပ်ရပ်အဖြစ် ပင်လယ်နီဒေသရှိ သင်္ဘောတွေနဲ့ တခြားပစ်မှတ်တွေကို ဆက်တိုက် တိုက်ခိုက်နေခဲ့တာကြောင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေအောင် ပျံ့နှံ့လာမှာ ကိုလည်း စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။
Source/Photo - Reuters