မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာကို ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ ခမရ ၉ တပ်ရင်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ကော့လှိုင်းကျေးရွာဒေသခံ စောစံကိုး၊ နောခင်မာကြူတို့ရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် စောသက်နိုင်ထွေးရဲ့ ညာဘက်ဒူးခေါင်းအောက် ခြေသလုံးကို ကျည်စဖောက်ဝင်ပြီး အရိုးကျိုး ဒဏ်ရာရရှိခဲ့ပါတယ်။
ကျေးရွာတာဝန်ရှိသူတယောက်က “စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ အိမ်မှာနေတဲ့ကလေး ယာဘက်ခြေသလုံး ဖောက်ဝင်ပြီး အရိုးကျိုးသွားတယ်။ ဒဏ်ရာက ပြင်းတယ်။ အခု လက်နက်ကြီး နေ့တိုင်းလိုလိုပစ်နေတယ်။ ရွာသားတွေ လောလောဆယ် ရွာမှာရှိနေတယ်။ မရွှေ့ပြောင်းသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ လုပ်ငန်းခွင်ကို မဝင်ရောက်ရဲတဲ့အတွက် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး နေ့တိုင်းလိုလို လက်နက်ကြီးအပြင် လေကြောင်းရန်ကိုပါ စိုးရိမ်ကြောက်လန့် နေရတယ်လို့လည်း ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီလောက်ကလည်း ဘားအံမြို့နယ်၊ ဖလံတောင်ရွာထဲကို စစ်ကောင်စီရဲ့ ခမရ ၂၀၈ တပ်ဖွဲ့ဝင်တွေက ကွမ်းနဝင်းတပ်စခန်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ကျောင်းသားကလေး ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။