အီရတ်နယ်စပ်ဒေသတွေမှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက် အစောပိုင်းမှာ အီရတ်စစ်တပ်က အတည်ပြုပြောကြားခဲ့ပြီး အဲဒီ တိုက်ခိုက်မှု တွေဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေနိုင်ကြောင်းလည်း သတိပေး ပြောဆိုလိုက်ပါတယ်။
“အလ် ကာအင်မ်မြို့နဲ့ အီရတ်နယ်စပ်ဒေသတွေမှာ အီရတ်အစိုးရဟာ ဒေသတည်ငြိမ်ရေးအတွက် ကြိုးပမ်းနေချိန်မှာ အမေရိကန် လေတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ခံနေရပါတယ်”လို့ အီရတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာရာဆူးလ်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ထုတ်ပြန်ရေးသားခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုဟာ အီရတ်အချုပ်အခြာအာဏာကို ချိုးဖောက်ရာ ရောက်သလို အီရတ် အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုလည်း ပျက်ပြားစေမှာဖြစ်ကြောင်းနဲ့ အီရတ်နဲ့ဒေသတွင်းကို ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်းနဲ့ အဲဒီရလဒ်တွေကြောင့် အီရတ်နဲ့ ပတ်ဝန်းကျင်ဒေသရှိ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိလိမ့်မယ် လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဂျော်ဒန် တိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အယောက် ၄၀ လောက် ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်တပ်ဟာ ဖေဖော်ဝါရီ ၂ ရက်မှာ အီရတ်နဲ့ ဆီးရီးယားရှိ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ သူက ကျောထောက် နောက်ခံပြုထားပေးတဲ့ ပြည်သူ့စစ်တွေနဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ် ၈၅ ခုကျော်ကို လေကြောင်း တိုက်ခိုက်ခဲ့တာပါ။
ဂျော်ဒန်တိုက်ခိုက်မှုအတွက် ကာတစ်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့ကို အမေရိကန်က အပြစ်တင်ထားပြီး အဲဒီအဖွဲ့ကတော့ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို ခေတ္တ ရပ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တခြားအီရန်ကျောထောက်နောက်ခံပြု နူဂျာဘာ အီရတ်အဖွဲ့ကတော့ ဂါဇာစစ်ပွဲ ပြီးဆုံးပြီးလို့ အမေရိကန်တပ်ဖွဲ့တွေ အီရတ်ကနေ ထွက်ခွာသွားချိန်အထိ ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောထားပါတယ်။
Source/Photo - Reuters