လွိုင်ကော်အကျဉ်းထောင်ကနေ အခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ယောက် အပါအဝင် စုစုပေါင်း အကျဉ်းသား ၂၀ ဟာ ဆက်လက်ထိန်းသိမ်းခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးတို့က ဒီနေ့ ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ၆ ယောက်နဲ့ ရာဇဝတ်မှု အကျဉ်းသား ၁၄ ယောက်တို့ကို လွိုင်ကော်မြို့ရဲ့ လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး အကျဉ်းဉီးစီးဌာနက အကျဉ်းထောင်ထဲမှာ ဆက်ထားတာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့လည်း ဆိုပါတယ်။
ဒါကြောင့် ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီဖြစ်တဲ့ ရာဇဝတ်မှုအကျဉ်းသား ၁၄ ယောက်ကို ချက်ချင်းလွှတ်ပေးဖို့၊ လွတ်မြောက်သင့်ပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ လွတ်မြောက်အကျဉ်းသားတွေ နေရပ်ပြန်နိုင်ဖို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) တို့က ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးတို့က တိုက်တွန်းထားပါတယ်။