ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်း အဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေနဲ့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖားကန့်လမ်းပေါ်က ကပ်မှော်စွပ်ကျေးရွာအုပ်စု၊ နန့်တိန်းရွာမှာ အခြေစိုက်တဲ့ ခမရ ၁၂၀ ကို သိမ်းပိုက်လိုက်တာလို့ KIA ရှေ့တန်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဒေသခံတယောက်ကလည်း “စစ်ကောင်စီ ၈ ယောက်လောက် သေတာရှိတယ်လို့ ပြောတယ်။ သူတို့ရဲ့ စခန်းက ၂ နေရာ၊ ၃ နေရာလောက် ရှိတယ်။ လမ်းဘေးမှာရော၊ ကုန်းပေါ်မှာရော။ ဒီနေ့ သိမ်းတာက အဲဒီ ကုန်းပေါ်ကဟာ။ စစ်ကောင်စီဘက်က အသေ၊ အရှင် အတိအကျဝောာ့ မသိရသေးဘူး” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ဒေသခံတွေကတော့ အစောပိုင်းကတည်းက တိုက်ပွဲဘေးလွတ်ရာကို ရှောင်တိမ်း ထားကြတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်လောက်ကတည်းက KIA ပူးပေါင်းအဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ထားပြီး ရေတွေပါ ဖြတ်တောက်ထားခဲ့တာလို့ နောက်ထပ် ရှေ့တန်း သတင်းရင်မြစ်တယောက်က ပြောပါတယ်။
“ဝိုင်းပြီးပိတ်ဆို့တာတယ်။ ရေတွေဖြတ်လိုက်တယ်။ ရေ မသောက်ရ၊ ဘယ်မှလည်း ထွက်လို့ မရ။ နေ့ရော ညရော ဒရုန်းနဲ့ ပြန်ပစ်တော့ ဖျားနာတာတွေရော များလာ၊ ထိခိုက် ဒဏ်ရာရသူလည်းများလာ၊ သေဆုံးသူလည်းများလာ၊ ဘာမဆို အခက်အခဲ ဖြစ်လာလို့ အကုန်ဒုက္ခဖြစ်လာတော့ ညှိနှိုင်းပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့လောက်က စစ်ကောင်စီဘက်က တောင်းဆိုလာတယ်။ အဲဒါကို KIO/KIA က လက်မခံခဲ့ဘူး။ ဒီကောင်တွေကို အရှင်ထားလို့မရဘူး။ အကုန်ရှင်းပစ်ရမယ်လို့ ဆွေးနွေးကြတယ်။ ဒေသခံတွေလည်း ညှိနှိုင်းဖို့ သဘောမတူကြဘူး” လို့ သူက ရှင်းပြပါတယ်။
ဝှေခါရွာနဲ့ နန့်တိန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဇန်နဝါရီ ၆ ရက်နေ့ကတည်းက KIA ပူးပေါင်းအဖွဲ့ဘက်က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ဇန်နဝါရီ ၂၀ ရက်နေ့က ဝှေခါရွာ ရဲစခန်းနဲ့ စခန်းကုန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။