ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့နားက မိတန်ကျေးရွာ စာသင်ကျောင်းကို ဖေဖော်ဝါရီ ၁ ရက် မနက် ၁ နာရီကျော်လောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက YAK - 130 Jet Fighter နဲ့ လာရောက်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တဲ့အပြင် ဒေသခံ ၂ သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “စကစ အနေနဲ့က ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလိုမျိုး လူထုနဲ့ကျနော်တို့ကြားမှာ သွေးခွဲပြီး လူထုကကျနော်တို့အပေါ် ထောက်ခံမှုကျဆင်သွားမယ်လို့ ထင်မြင်ယူဆပြီး လူထုပစ်မှတ်တွေကို ဗုံးကြဲတယ်လို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ကျိုက်ဒုံဗျူဟာဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ဝေးလှမ်းတဲ့အပြင် စာသင်ကျောင်းကို ရွေးပြီးပစ်ခတ်သွားတာဖြစ်လို့ စာသင်ဆောင် ၂ ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီလောက်က ကျိုက်ဒုံမြို့ အခြေစိုက်ဗျူဟာကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ကျိုက်ဒုံမြို့အနီးက ပိုးရေးကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတယောက် လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။