ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲက ဘလောင်ဒိန်ဆာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို KIA/PDF ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ ရက် မနက် ၇ နာရီခွဲကျော်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီထက်ကြီးတဲ့ ကိုက်ထိပ်စခန်းကိုတောင် အလွယ်လေးသိမ်းနိုင်ခဲ့တာမို့ မနေ့က မသိမ်းနိုင်ဘူးဆိုလို့ အံ့သြနေတာ။ သူတို့က ခဏအပစ်နားတုန်း တောင်ပေါ်တက်ပုန်းနေလို့ မနက်မှရတာတဲ့” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၈ နာရီခွဲလောက်မှာ ဘလောင်ဒိန်ဆာကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဘလောင်ဒိန်ဆာရွာ ပတ်ဝန်းကျင်က ပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရပြီး တောင်ယာလုပ်ဖို့ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
တောင်သူတဦးက “မိသားစု စားနေရေးအတွက် အရဲစွန့်ပြန်လာပြီး တောင်ယာခုတ် ဝမ်းစာရှာနေရတော့ ကြောက်မနေတော့ဘူး။ ပြေးလည်းမပြေးတော့ဘူး။ နားထောင်နေလိုက်တာပဲ။ ထွက်ပြေးလာတဲ့ စစ်သားတယောက်ကိုလည်း ဖမ်းမိတယ်။ အဲဒါကြောင့် တောင်ပေါ်မှာ သွားပုန်းနေတဲ့ အဖွဲ့ရောကို သိပြီး တိုက်နိုင်ခဲ့တာဖြစ်မယ်” လို့ ပြောပါတယ်။
ဘလောင်ဒိန်ဆာဘွမ်ရင်းဘွမ်တပ်စခန်းဟာ ၂၀၁၁ ခုနှစ်က KIA တပ်ဖွဲ့ဝင်တွေ လက်လွှတ်ထားခဲ့ရတဲ့ စခန်းတခုဖြစ်ပြီး ခုချိန်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၉ ရက်ကလည်း ဗျူဟာကျတဲ့ ကိုက်ထိပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သိမ်းယူနိုင်ခဲ့ပါတယ်။