ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နယ်မြေရဲစခန်း ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခွဲက Drope ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ဒုရဲမှူးနဲ့ တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီခွဲက ညောင်ခြေထောက်နယ်မြေရဲစခန်းမှာ ဗုံးနှစ်ကြိမ်ပေါက်ပြီး ကင်းစစ်ဆေးနေတဲ့ စခန်းမှူးနဲ့အဖွဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးက နှစ်ကြိမ်ပေါက်တာ၊ မိနစ်ပဲခြားတယ် ပေါက်တာ၊ ရဲတွေထိတယ်၊ အခု ရဲစခန်းမှာ စစ်တပ်လာပြီး လုံခြုံရေးယူပေးနေတယ်။”
အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နယ်မြေရဲစခန်းကို မနေ့ည ၈ နာရီခွဲက Drope ဗုံးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးနဲ့ တပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စခန်းမှူးထိတယ်၊ ရဲတပ်သားတဦး ထိတယ်၊ သေတော့မသေဘူး၊ ဒရုန်းနဲ့လာပစ်တာ၊ ပထမအကြိမ် ဗုံးကျပြီး နောက်တလုံးမှာ စခန်းမှူးထိတာ။”
လတ်တလောမှာ ထိခိုက်ဒဏ်ရာရရှိသူ ဒုရဲမှူးနဲ့ ရဲတပ်သားကို စစ်ကောင်စီက ဆေးကုသပေးနေပြီး လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်က အုတ်တွင်းမြို့နယ် ပေါက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ တတက ၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ Drope ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။