ဧရာဝတီတိုင်း၊ သာပေါင်းမြို့နဲ့ အင်္ဂပူမြို့နယ်မှာ PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်လောက်က စတင်ပြီး စစ်ကောင်စီတပ်က သာပေါင်းမြို့နယ်နဲ့ အင်္ဂပူမြို့နယ်က ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ တောစပ်က ကျေးရွာတွေမှာ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
သာပေါင်းဒေသခံတယောက်က “မနက်စောစောလောက် တကြိမ်၊ နေ့လယ်ဘက် တကြိမ်၊ ညနေဘက် တကြိမ်၊ တရက် ၃ ကြိမ်လောက်အထိကို စစ်ကြောင်းထိုးနေတာ။ ဘာ PDF မှ မရှိဘဲ စကစတပ်က သက်သက် ပြဿနာရှာနေတာ။ အင်အားက မနည်းဘူး။ တော်ကြာ စစ်ကားတွေနဲ့ ရွာစပ်ကို စစ်သားတွေကို လာတိုးချလိုက်၊ နောက် ပြန်ခေါ်သွားလိုက်နဲ့ လုပ်နေတာပဲ။ တရက်လေးမှ ကောင်းကောင်းမနေရဘူး။ သတင်းအမှားတွေရပြီး လျှောက်လုပ်နေတာလို့ ထင်တာပဲ၊ ကြောက်တာလည်းပါတာပေါ့။ သူတို့က ကိစ္စမရှိပေမဲ့ တိုက်ပွဲအတွေ့အကြုံကို မခံစားဘူးတဲ့ ကျနော်တို့အရပ်က ဒေသခံတွေက ကြောက်နေတာ။ သူတို့ စစ်ကားထွက်သွားမှ ကိုယ့်အိမ် ကိုယ်ပြန်လုပ်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၄၀ နဲ့ ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သာပေါင်း၊ အင်္ဂပူမြို့နယ်က သစ်တောတွေထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ ကြားနေတာကြောင့် နေ့စဉ် အလုပ်တွေပါ ကောင်းကောင်းမလုပ်ရဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဘယ်သူမှ မရှိဘဲကို ပစ်ခတ်နေတာပဲ။ သူတို့ ရမ်းသန်း လျှောက်ပစ်နေတဲ့ နေရာတွေက အမတို့ဒေသခံတွေ အများစု ထင်းခွေ၊ သားငါးရှာစားတဲ့ နေရာတွေပါ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဘယ်သူက သွားရဲမလဲ။ PDF ဖမ်းမိတယ်လည်း မကြားမိပါဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ လက်နက်တချို့ ဖမ်းမိတာ၊ စခန်းတချို့ သိမ်းမိတာတော့ ကြားမိတယ်။ ဒီနှစ်ထဲ ဘာမှမကြားမိဘူး။ ဒီလိုသာလုပ်နေရင် ဘယ်လွယ်မလဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အခုလို မကြာခဏ စစ်ကြောင်းထိုးနေတာဟာ ရခိုင်ပြည်နယ်က AA တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်နေတယ်လို့ သတင်းအရ လုပ်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ကြံခင်းနဲ့ မြန်အောင် စတဲ့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဒေသခံ အရပ်သား အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီး စစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။