ခရိုင်းမီးယားကမ်းလွန်မှာ ဖေဖော်ဝါရီ ၁ ရက် အစောပိုင်းက ရုရှားစစ်သင်္ဘောတစင်းကို ပစ်ခတ်နှစ်မြုပ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေးက ထုတ်ပြန်ပါတယ်။
ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကိုလည်း ဒုံးကျည်အမြောက်အမြားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တဲ့ စစ်သင်္ဘော “အီဗန်နိုဗက်စ်” ရဲ့ ကိုယ်ထည်ကို ဒရုန်းရေယာဉ်ငယ် (Naval Drones) တွေ ထိမှန်ပြီးနောက်မှာ သင်္ဘောနစ်မြုပ်သွားခဲ့ပုံကို ယူကရိန်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရုရှားဘက်ကတော့ မှတ်ချက်ပေးတာ မရှိသေးပါဘူး။
၂၀၁၄ ကတည်းက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တဲ့ ရုရှားတပ်တွေအပေါ် မဟာဗျူဟာအရရော သင်္ကေတသဘောအရပါ ထိုးနှက်မှုအနေနဲ့ ပင်လယ်နက်ထဲက ရုရှားရေတပ်ကို ယူကရိန်းက တောက်လျှောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ယူကရိန်းကုန်းမကြီးမှာ ရှေ့တန်းစစ်မျက်နှာက နှစ်ဖက်စလုံး မတိုးသာမဆုတ်သာ ဖြစ်နေတာ ကြာတဲ့အချိန်မှာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ပင်လယ်နက်ထဲက ရုရှားစစ်ရေယာဉ်တွေကို ဦးစားပေး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
အီဗန်နိုဗက်စ်သင်္ဘောကို မတိုက်ခင် ခရိုင်းမီးယားကျွန်းဆွယ်ပေါ်ကို လေကြောင်းကနေ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။
ယူကရိန်းကပစ်တဲ့ ပဲ့ထိန်းဒုံးကျည် ၂၀ အနက် ၁၇ စင်းကို ပင်လယ်နက် ဝေဟင်မှာ၊ ၃ စင်းကို ကျွန်းဆွယ်ဝေဟင်မှာ ပစ်ချကာကွယ်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အဆောက်အအုံ တဒါဇင်လောက်ကို ပျက်ကျတဲ့ အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters