ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အနှိပ်ခန်း အပါအဝင် နေအိမ်သုံးလုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ ဇန်နဝါရီ ၃၁ နေ့လယ် ၂ နာရီခွဲက အနှိပ်ခန်းမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး နံဘေး နေအိမ် ၃ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
“စလောင်တာက နေ့လည် ၂ နာရီလောက်မှာ။ မာဆတ် (အနှိပ်ခန်း)မှာ ဆေးလိပ်သောက်ပြီး တင်ထားရာကနေ စလောင်တယ်လို့ သိရတယ်။ အနှိပ်ခန်းက စလောင်ပြီး ဘေးနားကအိမ်တွေကူးသွားတယ်။ အနှိပ်ခန်းနဲ့ ဘေးနေအိမ် သုံးလုံး မီးလောင်သွားတယ်။”
မီးလောင်ကျွမ်းမှုကို ဒေသခံပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ငြှိမ်း သတ်ခဲ့တဲ့အတွက် နေ့လည် ၃ နာရီကျော်ခန့်မှာ မီးငြိမ်းသွားခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ပါဘူး။
လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ လူဦးရေ ၆၃၀၀၀ ကျော် နေထိုင်ကြတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။