မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ မတ္တရာမြို့နယ်အရှေ့ခြမ်း ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စစ်ကြောင်း ၃ ကြောင်းထိုး ဝင်ရောက် မီးရှို့ခဲ့တာလို့ သိရပါတယ်။
မတ္တရာမြို့နယ်အတွင်းက ကန္ဒရာကျေးရွာက လူနေအိမ် ၁၃ လုံး၊ မြစ်ကမ်းရွာက လူနေအိမ် ၆ လုံး မီးရှို့ခံခဲ့ရပြီး အင်းတံခါးကျေးရွာ၊ ကိုင်းကြီးရွာ စတဲ့ ကျေးရွာတွေက နေအိမ်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အုတ်တိုက်ကျေးရွာက အမျိုးသားတယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မတ္တရာမြို့ခံတဦးက “အိမ်ခြေတွေကတော့ အတည်ပြုလို့ မရသေးပါဘူး၊ ကပ်လို့မရသေးလို့။ စစ်ကြောင်းပြန်ဆုတ်တဲ့ အချိန်မှာလည်း သပြေချောင်ရွာကို မီးထပ်ရှို့တယ်လို့ ထပ်ကြားရတယ်ဗျ။ အခုလာတဲ့ စစ်ကြောင်းတွေက လာတိုင်း ဒရုန်းပါတယ်၊ ပြည်သူတွေရှိတဲ့ နေရာနဲ့ နေအိမ်တွေကို ဒရုန်းနဲ့တိုက်တယ်” လို့ ပြောပါတယ်။
မတ္တရာမြို့နယ် ပင်းယရွာ သစ္စာဘုရားဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့အတွက် သစ်ပုတ်ပင်ကျေးရွာက လူနေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။