ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့နေရာတွေမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်လမ်း၊ ၅ ထိပ်မှာ မနေ့ မနက် ၇ နာရီ ၃၅ မိနစ်လောက်က ကားတားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီယာဉ်ထိန်းရဲတွေအနီးမှာ ပြင်းအားမြင့် အဝေးထိန်းဗုံးပေါက်ကွဲခဲ့ပါတယ်။
ဒီဖောက်ခွဲမှုကို အနောက်ပိုင်းခရိုင်(ပကဖ)နဲ့ Yangon Army (YA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက် ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။
ဒါ့အပြင် ပြည်သူကို ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ဌာနဆိုင်ရာနေရာတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမှာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့နေရာတွေမှာ ခပ်ဝေးဝေးနေထိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးရှိ မြို့နယ်လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်လုံခြုံရေးဂိတ်ကို ဇန်နဝါရီ ၃၁ ရက် ည ၈နာရီ မိနစ် ၂၀ လောက်က မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) က ပြင်းအားမြင့် ဗုံး ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပကဖ(၂)မှ တာဝန်ရှိသူတဦးက “ အာဏာသိမ်း ၃နှစ်ပြည့်ကို ဆန့်ကျင်တဲ့ အနေနဲ့ပါ။ ကင်းကျတဲ့ စစ်သား ၂ ဦး ထိခိုက်တယ်လို့ လတ်တလော သိရှိရပါတယ်။ အားပြင်းတဲ့ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ရဲဘော်တွေ ဘေးကင်းပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၁) သစ်စက်ဝန်းမှာလည်း ဇန်နဝါရီ ၃၁ ရက် ည ၉ နာရီ ၄၅ မိနစ် နဲ့ ည ၁၀ နာရီ ၁၅ မိနစ်မှာ ဗုံး ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။
Kyimyindaing Network (KMD18)အဖွဲ့ တာဝန်ရှိသူက “ ကျနော်တို့ ပြည်သူအားလုံးရဲ့ အင်အား ခွန်အား စွမ်းအားနဲ့ သာ အကြမ်းဖက်စစ်တပ်ကို ဒီလောက်ထိ ခရီးရောက်အောင် တွန်းလှန် တော်လှန်နိုင်နေတာပါ။ ဒီကစ ရှေ့ဆက်ပြီးလည်း အနိုင်ရမယ်လို့ ယုံကြည်ထားပေးပါ။ ကျနော်တို့လည်း အစွမ်းကုန် တရက်မှ မနားဘဲကြိုးစားနေပါတယ်။ ပြည်သူကလည်း လှိုင်းတလှိုင်းအဖြစ် တော်လှန်ရေးအင်အားတရပ်အဖြစ် ဆက်လက်ရပ်တည် ပါဝင်နေတယ်ဆိုတာ ထပ်ပြီး သက်သေပြရင်း ရန်သူကို တွန်းလှဲအနိုင်ယူကြမယ်”လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို KMD18 အဖွဲ့တို့ ပါဝင်တဲ့ Operation Flame (OF )ရဲ့ ဒုတိယမြောက် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး စစ်တပ်ရဲ့ မတရားအာဏာသိမ်းခြင်း (၃) နှစ်ပြည့်ကို ခုခံတော်လှန်ခြင်းနဲ့ မတရားဖိနှိပ် ညှင်းဆဲသတ်ဖြတ်ခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေ ကိုယ်စား ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။