စစ်အုပ်စုသစ္စာခံ ပယ်ဆောက်ချိန်နဲ့ အပေါင်းအပါတသိုက်ကို တရုတ်အစိုးရလက်ထဲ ထိုးအပ်ကာ သူ့အာဏာ သက်ဆိုးရှည်ရေးအတွက် မင်းအောင်လှိုင် ထပ်မံကြိုးစားလိုက်ပြန်ပါပြီ။
ပယ်ဆောက်ချိန် ဆိုတာက မင်းအောင်လှိုင်သစ္စာခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း၊ သူ့ရဲ့သားဖြစ်သူက ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်၊ စစ်တပ်လက်အောက်ခံ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဝေဆန်း၊ ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးသူဌေး လီကျိန်းချန် (ခ) လျိုအားပေါက် အပါအဝင် ၁၀ ဦးကို မင်းအောင်လှိုင်က တရုတ်အစိုးရလက်ထဲသို့ လွှဲပြောင်းပေးလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဇန်နဝါရီ ၃၀ ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် ထုတ်ပြန်ချက်ထဲမှာတော့ “မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်” လို့ ဖော်ပြထားပါတယ်။
သတင်းတွေအရ တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်နဲ့ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာပြီး မင်းအောင်လှိုင် သစ္စာခံတွေကို လာဖမ်းသွားတာလို့ သိရပါတယ်။ ပြောရရင် မင်းအောင်လှိုင်ဆီ အားကိုးတကြီးနဲ့ ပြေးလာတဲ့ ပယ်ဆောက်ချိန်တို့တသိုက် မင်းအောင်လှိုင် ကောင်းမှုကြောင့် တရုတ်အကျဉ်းထောင်ထဲ မသေမချင်း ခေါင်းအုံးရတော့မယ့်ကိန်းကို ဆိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ လောက်ကိုင်မှာ ကျားဖြန့်ပြဿနာ မီးဟုန်းဟုန်းတောက်နေတဲ့ အချိန်တုန်းက စစ်အုပ်စုဟာ ပယ်ဆောက်ချိန်တို့ကို အကာအကွယ် ပေးခဲ့ပါသေးတယ်။ နိုဝင်ဘာလလယ်လောက်တုန်းက ပယ်ဆောက်ချိန်ရဲ့သား ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်ကို တရုတ်အစိုးရက ကျားဖြန့်အမှုနဲ့ ဖမ်းဝရမ်းထုတ်လိုက်ပြီ ဆိုတဲ့သတင်း လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာချိန်မှာ စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ကိုးကန့်တပ်မတော် MNDAA ရဲ့ လိမ်ညာချက်သာဖြစ်ကြောင်း တုံ့ပြန်ကာ ငါတို့လူတွေ ဒါမျိုးမလုပ်ဘူးဆိုတဲ့ အပေါက်မျိုး ချိုးပြခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရက လောက်ကိုင် ကျားဖြန့်ဂိုဏ်းရဲ့ ခေါင်းပေါင်းကြီးတွေအဖြစ် ဖမ်းဝရမ်းထုတ်လိုက်တဲ့ အချိန်ကျမှသာ စစ်အုပ်စု ဟက်တက်ကွဲ ငြိမ်ကျသွားပါတော့တယ်။
ဘာကြောင့် ပယ်ဆောက်ချိန်တို့တသိုက်ကို စစ်အုပ်စုက အကာအကွယ် ပေးခဲ့တာပါလဲ။ သူတို့တတွေဟာ စစ်အုပ်စုသစ္စာခံ၊ ကိုးကန့်ဒေသ အုပ်ချုပ်ရေးယန္တရားကို မောင်းနှင်နေကြသူတွေအပြင် တချို့က ကြံ့ခိုင်ရေးအမတ်တွေလည်း ဖြစ်တာကြောင့် ဒီလိုလူတွေက အင်မတန်ကြီးလေးတဲ့ ကမ္ဘာပတ်လိမ် ရာဇဝတ်မှုတွေကို ကျူးလွန်တာဟာ စစ်အုပ်စုအပေါ်ပါ အကြီးအကျယ် ထိခိုက်တာကြောင့်အပြင် ပယ်ဆောက်ချိန်တို့တသိုက်နဲ့ စစ်ဗိုလ်ချုပ်တွေကြား ကန့်လန့်ကာနောက်ကွယ်က အပေးအယူတွေလည်း ရှိနိုင်တာကြောင့်ပါပဲ။ ဥပမာ- နေပြည်တော်မှာ မင်းအောင်လှိုင် တည်ခဲ့တဲ့ မာရဝိဇယ ရုပ်ပွားတော် တည်ဆောက်ရေး အလှူငွေအဖြစ် ပယ်ဆောက်ချိန်တို့တသိုက် သိန်းထောင်နဲ့ချီ လှူခဲ့တယ်ဆိုတာ အပြန်အလှန် အပေးအယူ အကျိုးစီးပွားတွေကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒါတွေကြောင့်လည်း တရုတ် ဖမ်းဝရမ်းထုတ်ထားတဲ့ ပယ်ဆောက်ချိန်တို့ တသိုက်ကို စစ်အုပ်စုက မတို့မထိရုံတင်မက ဇန်နဝါရီ ၄ ရက်နေ့၊ လောက်ကိုင်မြို့ကို ကိုးကန့်တပ်မတော် MNDAA မသိမ်းပိုက်ခင် ရက်အတန်ကြာကတည်းက ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပါတယ်။
ပယ်ဆောက်ချိန်တို့ ပျောက်ဆုံးမှုကို စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ ငွေပုံပေးပြီး သွားရောက်ခိုလှုံနေသလိုလို ပြောဆိုပေမဲ့ စစ်အုပ်စုဟာ ပယ်ဆောက်ချိန်တို့ကို နေပြည်တော်သို့ လေယာဉ်နဲ့ ကယ်ထုတ်သွားပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပါတယ်။
အခု နေပြည်တော်ကနေ တရုတ်လက် အပ်လိုက်တာဖြစ်လို့ စစ်အုပ်စုက ပယ်ဆောက်ချိန်တို့ကို လောက်ကိုင်ကနေ ကယ်ထုတ်သွားတာ သေချာသွားပါတယ်။ လောက်ကိုင်ကနေ နေပြည်တော် သို့မဟုတ် တနေရာရာကို ကယ်ထုတ်ခအဖြစ် မတရားသဖြင့် သိပ်ကြွယ်ဝနေတဲ့ ပယ်ဆောက်ချိန် တို့ဆီကနေ စစ်ဗိုလ်ချုပ်တွေ မြိုးမြိုးမြက်မြက် ရလိုက်နိုင်ပါတယ်။ ဒါ့အပြင် ပယ်ဆောက်ချိန်တို့နဲ့ တပါတည်း သယ်လာတဲ့ ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း မင်းအောင်လှိုင်တို့ အပိုင်သိမ်းလိုက်မယ့်ပုံပါပဲ။
တရုတ်ကို မျက်နှာလုပ်ချင်လို့ ပယ်ဆောက်ချိန်တို့ကို လောက်ကိုင်ကနေ ကယ်ထုတ်ချင်ယောင် ဆောင်ပြီး ထိုးအပ်လိုက်တာလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ပယ်ဆောက်ချိန်တို့ ပျောက်ဆုံးနေတာဟာ တရုတ်က ဖမ်းဝရမ်းထုတ်ပြီးကတည်းကဖြစ်ပြီး မင်းအောင်လှိုင်သာ ကယ်ချင်ယောင်ဆောင်ပြီး ထိုးအပ်မယ်ဆိုရင် တော်တော်စောစောကတည်းက လုပ်နိုင်ပါတယ်။ ပြီးတော့ ပယ်ဆောက်ချိန်တို့ ပျောက်ဆုံးနေမှုကို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေထဲ ခိုလှုံနေသယောင် လျှောက်ပြောစရာအကြောင်းလည်း မရှိပါဘူး။
ဆိုတော့ အသေချာဆုံး ဖြစ်နိုင်ခြေက ရမလားလို့ ကယ်ထုတ်ခဲ့ပြီး တရုတ်ရဲ့ ဖိအားပေး ငေါက်ငမ်းခြင်းဒဏ်ကို မခံနိုင်တဲ့အဆုံး ပယ်ဆောက်ချိန်တို့ကို တရုတ်လက် လွှဲအပ်လိုက်ခြင်းပါပဲ။ တရုတ်အတွက် စစ်အုပ်စုကို အလွယ်တကူ ပေးလို့ရတဲ့ ဖိအားက ညီနောင် ၃ ဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကို သူတို့နဲ့မဆိုင်သလို ငုတ်တုတ်ထိုင်ကြည့်နေရမလား ဆိုတာပါပဲ။
ဇန်နဝါရီ ၁၁ ရက်၊ တတိယအကြိမ် ဟိုင်ဂင်သဘောတူညီချက်အရ ထွက်ပေါ်လာတဲ့ ရှမ်းမြောက်ဒေသ အပစ်ရပ်ခြင်းဟာ တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကြောင့် ညီနောင် ၃ ဖွဲ့ လက်ခံလိုက်ရတယ်ဆိုတာ အားလုံးက သိရှိပြီးဖြစ်သလို စစ်အုပ်စုကလည်း ကောင်းကောင်းသိပါတယ်။ ဒါ့အပြင် အပစ်ရပ်ခြင်းသာ မရှိခဲ့ရင် သို့မဟုတ် ပျက်ပြယ်သွားခဲ့ရင် လားရှိုး၊ မူဆယ်နဲ့ ပြင်ဦးလွင် တို့ကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်လိုက်နိုင်ဖို့ မခက်တော့ဘူးဆိုတာ အဖြစ်မှန်အတိုင်း ရင်ဆိုင်တွေးတတ်တဲ့ စစ်ဗိုလ်ချုပ်တချို့က ကောင်းကောင်းသိပါတယ်။ အဲဒီလို ရှမ်းမြောက်တကြောလုံးကို ညီနောင် ၃ ဖွဲ့ကသာ သိမ်းလိုက်နိုင်မယ်ဆိုရင် စစ်ဗိုလ်ချုပ်တွေ အထုပ်ပိုက် ပြေးရမယ့်ရက် သိပ်နီးသွားမယ် ဆိုတာလည်း အသေအချာပါပဲ။
ဒါကြောင့်လည်း မင်းအောင်လှိုင်ဟာ သူသိမ်းထားတဲ့ မတရားအာဏာ သက်ဆိုးရှည်ရေးအတွက် ပယ်ဆောက်ချိန်တို့ကို ထိုးကျွေးကာ တရုတ်နဲ့ အပေးအယူ လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ပယ်ဆောက်ချိန်တို့ကို တရုတ်လက် အပ်လိုက်ခြင်းကြောင့် တရုတ်အစိုးရက ဘယ်လိုအကျိုးဆောင်ပေးမလဲ ဆိုတာ မသိသေးပေမဲ့ ညီနောင် ၃ ဖွဲ့အပေါ် တရုတ်ရဲ့ဖိအားတွေ ဆက်လက် ပြင်းထန်လာနိုင်ခြေရှိမလား စောင့်ကြည့်ရပါမယ်။
အခု မင်းအောင်လှိုင် ထိုးကျွေးလိုက်တဲ့ ပယ်ဆောက်ချိန် ဆိုတာ ၂၀၀၉ ခုနှစ်၊ မင်းအောင်လှိုင် အရှေ့မြောက်တိုင်း တိုင်းမှူးဘဝကတည်းက ဆက်ဆံရေးကောင်း ရှိခဲ့သူပါ။ စစ်အုပ်စုအလိုကျ ဖုန်ကြားရှင်ကို စစ်တပ်နဲ့ပေါင်း တိုက်ခဲ့ပြီး စစ်အုပ်စုသစ္စာခံ ကိုးကန့်ဒေသ အုပ်ချုပ်ရေး ခေါင်းဆောင် ဖြစ်လာခဲ့ခြင်းမှာ မင်းအောင်လှိုင်ရဲ့ မစမှုတွေ မကင်းပါဘူး။ ကိုးကန့်အာဏာ ပယ်ဆောက်ချိန်တို့ ရရှိပြီးနောက် စစ်ခေါင်းဆောင်တွေနဲ့ ပယ်ဆောက်ချိန်တို့ကြား မမြင်ရတဲ့ အပြန်အလှန် အကျိုးစီးပွား ဆက်နွှယ်မှုတွေနဲ့ လုပ်ချင်ရာလုပ် လိုင်းကြေးပေးဆိုတဲ့ အပေးအယူတွေလည်း နက်နက်နဲနဲ ရှိခဲ့မယ့်ပုံပါ။
ဆိုလိုတာက မြန်မာနိုင်ငံမှာရှိတဲ့ နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ၊ ပြည်သူ့စစ် ခေါင်းဆောင်တွေ၊ စစ်အုပ်စု သစ္စာခံတွေနဲ့ ဒီနေ့ထိတိုင် NCA ကို ဆုပ်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ မင်းအောင်လှိုင်နဲ့ ပယ်ဆောက်ချိန်တို့လောက် အပြန်အလှန် ပတ်သက်မှုနဲ့ အကျိုးစီးပွား ရှိမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ဘယ်သူက ဘယ်လောက်ပဲ သစ္စာခံခံ၊ မင်းအောင်လှိုင်ကတော့ သူ့အာဏာအတွက် ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်မလေးကြောင်း တရုတ်ထောင်ထဲ ရာသက်ပန် ခေါင်းအုံးရတော့မယ့် ပယ်ဆောက်ချိန်က ပြောပြနေပြီ ဖြစ်ပါတယ်။
မင်းအောင်လှိုင်က မင်းအောင်လှိုင် မူအတိုင်း မလုပ်ရဲတာ ဘာမှမရှိကြောင်း ထပ်မံ သက်သေပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ထွန်းလင်း