စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ် မြောက်ခြမ်းက ကျေးရွာ ၃ ရွာကို ဖေဖော်ဝါရီ ၁ ရက် မနက် ၁၁ နာရီက စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ ကန့်ဘလူ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က သင်တောရွာ၊ ဇောချောင်းရွာနဲ့ မကျည်းကုန်းရွာတွေကို လေကြောင်းကနေ ပစ်ခတ်သွားတာလို့ ဘုန်းကြီးတပါးအပါအဝင် ရွာသားတွေ ထိခိုက်ဒဏ်ရာရသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ပအဖ တာဝန်ရှိသူတဦးက “လေယာဉ်နဲ့ပစ်လို့ သင်တောဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးနဲ့ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရတယ်ဗျ။ နောက်ထပ် ဇော်ချောင်းရွာက ဘုန်းကြီးကျောင်းကို ထပ်ပစ်တယ်။ အဲဒီမှာလည်း ပြည်သူနှစ်ဦး ထိခိုက်တယ်ဗျ။ နောက်ထပ် ပင့်သာအနောက်ဘက်က ဘူတာကုန်းရယ်၊ မကျီးကုန်းရွာတွေကိုလည်း ပစ်သွားတယ်။ ညနေ ၄ နာရီနီးပါးကလည်း ညောင်ကုန်းကျေးရွာကို ဂျက်ဖိုက်တာတစီးနဲ့ ထပ်ပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ကောလင်းဘက်ကို ခြေလျင် စစ်ကြောင်းထိုးတာမှာ ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်တယ်ဆိုပြီး ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်က ကျွန်းလှမြို့ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းသိမ်းထားတဲ့ ကောလင်းဘက်ကို ခြေလျင်စစ်ကြောင်းထိုး မရတာကြောင့် ကျွန်းလှမြို့နယ် ၆၀၀၆ စစ်တပ်ကနေ ဝန်းသိုမြို့ဘက်ကို လေကြောင်းကနေ စစ်သားတွေ သယ်နေတာဟာ တနေ့တည်းနဲ့ Mi17 လေယာဉ်နဲ့ ၆ ကြိမ်အထိ ရှိနေပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။