ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် ပန်ဆိုင်းမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် မနက်စောစောက ဈေးကြီးမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးဟာ ဒီနေ့မနက် ၁ နာရီကျော်လောက်က စတင်လောင်ကျွမ်းပြီး ပန်ဆိုင်းရှမ်းလူငယ်အဖွဲ့၊ မီးသတ်ကား ၂ စီးနဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးကူးစက် လောင်ကျွမ်းမှု ကျယ်ပြန့်တာကြောင့် မနက် ၄ နာရီခွဲလောက်မှ မီးငြိမ်းသွားတယ်လို့ မူဆယ် ဒေသခံက ပြောပါတယ်။
ဈေးဆိုင်တန်း ၂ တန်း၊ ဆိုင်ခန်းပေါင်း ၂၀ ကျော် မီးထဲပါသွားပြီး အဲဒီထဲမှာ အဝတ်အထည်ဆိုင်၊ ရွှေဆိုင်၊ အပ်ချုပ်ဆိုင်၊ ဖိနပ်ဆိုင်နဲ့ ကုန်စုံဆိုင်တွေ ပါသွားတယ်၊ ဆုံးရှုံးမှု တန်ဖိုးတွေတော့ မတွက်ချက်ရသေးဘူးလို့ ဆိုပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းမှာ ဝါယာရှော့ဖြစ်တယ်လို့ ယူဆရကြောင်း၊ ပန်ဆိုင်းမြို့မှာ MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ပြီးတဲ့နောက် လျှပ်စစ်မီးကို တရုတ်နိုင်ငံမှ သွယ်တန်း အသုံးပြုရပြီး မီးမှန်မှန်မလာတဲ့အတွက် ဝါယာရှော့ဖြစ်တာလို့ ယူဆရကြောင်း ဒေသခံက ပြောသွားပါတယ်။