Home
နိုင်ငံတကာ
တရုတ်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီး ၂ ဦး ဆွေးနွေး
DVB
·
February 1, 2024
China Russia Defense Minsiters_01022024

တရုတ်ကာကွယ်ရေးဝန်ကြီးသစ် တုန်းကျန်းဟာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူနဲ့ ဇန်နဝါရီ ၃၁ ရက်က ဖုန်းခေါ်ဆို ဆွေးနွေးခဲ့ပါတယ်။

ဒါဟာ တုန်းကျန်းအဖို့ ပြီးခဲ့တဲ့လက ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ပထမဆုံး လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုပါ။

တရုတ် စစ်ဘက်ဆိုင်ရာ သံတမန်ရေးရာ ကိစ္စရပ်အတွင်း ဩဂုတ်လက ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်းဖှုဟာ သံသယဖြစ်စရာကောင်းလောက်အောင် လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးတဲ့နောက် ရေတပ်ဦးစီးချုပ်ဟောင်း တုန်းကျန်းကို ကာကွယ်ရေးဝန်ကြီးရာထူး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားစစ်တပ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးမှာ ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးကို ပိုမြင့်တဲ့အဆင့်ထိ မြှင့်တင်သွားမယ်လို့ တုန်းကျန်းက ရွှိုင်ဂူကို ပြောခဲ့တဲ့အကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ဖက်စစ်တပ်တွေဟာ “ကမ္ဘာ့စိန်ခေါ်မှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်ပြီး အပြန်အလှန် မဟာဗျူဟာမြောက် ယုံကြည်မှုကို ဆက်လက်မြှင့်တင်သွားမယ်လို့လည်း တုန်းကျန်းက ပြောခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ခန့်အပ်မှုအသစ်အတွက် ရွှိုင်ဂူက တုန်းကျန်းကို ချီးကျူးဂုဏ်ပြုတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို ချီးကျူးခဲ့ပါတယ်။

ဆက်ဆံရေးခိုင်မာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍတွေဟာ ဗလာဒီမာပူတင်နဲ့ ရှီကျင့်ဖျင် တို့ရဲ့ ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေကြား လျှို့ဝှက်ဆက်ဆံရေးနဲ့ သက်ဆိုင်တယ်လို့ ရွှိုင်ဂူက ပြောခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို ၂၀၂၂ မှာ ကျူးကျော်ခဲ့ပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ နီးကပ်တဲ့ စစ်ဘက်ဆက်ဆံရေးအပေါ် အနောက်နိုင်ငံတွေက စောင့်ကြည့်ခဲ့ပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ရုရှားရဲ့ စစ်မြေပြင်မှာ လူသေစေတဲ့ အကူအညီတွေ မပေးဖို့ တရုတ်ကို ထပ်ခါတလဲလဲ သတိပေးထားပါတယ်။

နှစ်နိုင်ငံစစ်တပ်တွေဟာ ဇူလိုင်လတုန်းက ဂျပန်ပင်လယ်ထဲမှာ ပူးတွဲလေကြောင်းနဲ့ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ပြီးခဲ့တဲ့လက တောင်ကိုရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နဲ့ ရုရှားစစ်လေယာဉ်တွေ ဝင်လာလို့ တိုက်လေယာဉ်တွေနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး တုန်းကျန်းရဲ့ အလုပ်တွေထဲမှာ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေး ပဋိပက္ခဖြစ်နိုင်ချေကို လျှော့ချဖို့ အမေရိကန်စစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့လည်း ပါဝင်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024