Home
မြန်မာသတင်း
ချင်းပြည်နယ် ဒိုင်ရ်ဒေသတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၁၅ ဦးဖမ်းမိ
DVB
·
February 1, 2024
chin 122024

ချင်းပြည်နယ်၊ ဒိုင်ရ်ဒေသအတွင်းမှာ တိုက်ပွဲကြားက ထွက်ပြေးလာတဲ့ ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦး ဖမ်းဆီးရမိထားတယ်လို့ CDF-Daai တာဝန်ရှိသူဆီက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့မှာ တပ်မ ၁၁ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေက ဗိုလ်ကြီးအဆင့် ၁ ဦး၊ ဗိုလ်အဆင့် ၁ ဦး၊ ထောက်လှမ်းရေးအရာရှိ ၁ ဦး အပါအဝင် တပ်ကြပ် ရဲဘော် စုစုပေါင်း ၁၅ ဦးကို ဒိုင်ဒေသအတွင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲတွေကြားက ထွက်ပြေးလာတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေမှာ ဒဏ်ရာပြင်းထန်သူ ၃ ဦးနဲ့ သာမန်ဒဏ်ရာ ၂ ဦးပါဝင်ပြီး CDF-Daai က ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

CDF-Daai အနေနဲ့ ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသခံ ပြည်သူတွေအနေနဲ့ ရေကြောင်းသွားလာခြင်းနဲ့ ကုန်စည်ရောင်းဝယ်မှုတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၄ ရက်နေ့အထိ မပြုလုပ်ဖို့ အသိပေးထားပါတယ်။

CDF-Daai တာဝန်ရှိသူက “ကျနော်တို့ကတော့ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ ဂျီနီဗာကွန်ဗင်းရှင်းအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒိုင်ရ်ဒေသ ပတ်ပတ်လည်ပေါ့နော်။ ရခိုင်ဘက်ရော၊ ချင်းဘက်ရော တိုက်ပွဲတွေ အများကြီးဖြစ်တော့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတွေက ကျနော်တို့ဒေသအတွင်းမှာ ရှိနေတယ်လို့ ယူဆတယ်။ အဲ့ဒါကြောင့် နယ်မြေရှင်းလင်းရေး ပြုလုပ်သွားမယ်။ ပြည်သူလူထုကို မလိုအပ်ဘဲ ထိခိုက်တာမဖြစ်အောင် အသွားအလာ ကန့်သတ်ထားတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကလည်း ချင်းပြည်နယ်၊ ဒိုင်ရ်ဒေသ ဟုမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ အရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024