ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်ထဲမှာ မနေ့ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက လူရွယ် ၁ ဦး ခြံရှင်းရာက မိုင်းပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။
စိုင်းပီး ခေါ် စိုင်းစံထွန်း (၂၆ နှစ်) ဆိုသူမှာ လဲချားမြို့ ရပ်ကွက် ၂ မှာ နေထိုင်ပြီး မတ်လန်းကျေးရွာမှာ ထော်လာဂျီပြင်ဆိုင်ဖွင့်ဖို့ မနေ့က ခြံနေရာသွားရှင်းစဉ် မိုင်းပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ လဲချားဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက အဲဒီရွာမှာ ဆိုင်ကယ်ပြင်ဆိုင်သွားဖွင့်မလို့ ခြံသွားရှင်းတာ။ ခြုံပင်တွေ မြက်ပင်တွေကို မီးရှို့ပစ်တယ်၊ ညနေ ၆ နာရီလောက်မှာ ခြံရှင်းပြီးသွားပေမဲ့ မီးစအကြွင်းအကျန်တွေကို သိမ်းနေတုန်း အဲဒီမီးပုံထဲကနေ မိုင်းထပေါက်တာ။ သူ့မျက်နှာတွေရော၊ လည်ပင်းမှာရော၊ ကိုယ်ခန္ဓာမှာရော မိုင်းစတွေထိသွားတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မြေကြီးတွေပါတုန်တယ်တဲ့၊ ရွာထဲကလူတွေသွားကြည့်တော့ သူက အသက်မရှိတော့ဘူး။”
အဆိုပါရွာထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စစ်ကောင်စီနဲ့ SSPP ရှမ်းတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ပေါက်ကွဲတဲ့မိုင်းဟာ တိုက်ပွဲရဲ့ အကြွင်းအကျန်လို့ ယူဆရကြောင်း ဆိုပါတယ်။
သေဆုံးသူလူရွယ်မှာ အိမ်ထောင်မကျသေးဘဲ ကားဝပ်ရှော့ပညာနဲ့ မိဘကိုလုပ်ကျွေးနေသူ ဖြစ်ကြောင်း၊ အလုပ်ကြိုးစားပြီး အနာဂတ်အလားအလာကောင်းတဲ့ လူငယ်တဦး ဆုံးရှုံးသွားတာ နှမျောဖို့ကောင်းတယ်လို့ လဲချားဒေသခံက ပြောပါတယ်။