Home
မြန်မာသတင်း
စစ်တပ်က ကလုံရွာကို မီးရှို့၊ ဂန့်ဂေါတွင် မိုင်းနင်းမိသဖြင့် ပျူရွာက ပြည်သူ ၁ ဦးသေဆုံး
DVB
·
February 1, 2024
fire 122024

ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က ပျဥ်ထောင်ပျူရွာမှ မြောက်ဘက် ချောင်းဘောင်တလျှောက်တက်လာပြီး ကလုံရွာကို ပစ်ခတ် စီးနင်းမီးရှို့ခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးနေရပြီး ဖမ်းဆီးခံယူတချို့လည်း ရှိတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

မနက် ၈ နာရီခွဲလောက်မှာ ကလုံရွာနဲ့ဂလုံရွာနားက တော်လှန်ရေးစခန်းတခုကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် သရက်ကုန်း၊ ကင်းပြစ်၊ ကလုံ၊ ရှင်မင်းတွေ၊ ဝါးရုံကြီး၊ ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ ဥယျာဥ်၊ကျွန်းတောကြီး စတဲ့ကျေးရွာတွေမှ ဒေသခံ ၅၀၀၀ လောက် ထပ်မံစစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီး သုံးနှစ်အတွင်း ကျေးရွာ ၈၀ ကျော်နဲ့ နေအိမ် ၆၀၀၀ ကျော်ထိ မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်း (ပျူစောထီး) ရွာက ထွက်ပြေးလာတဲ့ အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ မြောက်ခင်ရမ်းရွာက ထွက်ပြေးလာသူ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး အချိန်မီဆေးကုသခွင့်မရတဲ့အတွက် ညနေ ၄ နာရီလောက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ဒေါ်ချောနုဖြစ်ပြီး ၃ နှစ်အရွယ်သားလေးတယောက် ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်ခဲ့တာလို့ သိရပါတယ်။

“တရက်စီပေါ့။ ပထမရက်ထွက်ပြေးခဲ့တဲ့ အမျိုးသမီးက စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေထောက်ပြတ်တယ်၊ ဒုတိယရက်မှာကျတော့ မိုင်းနင်းမိပြီး ခြေ ၂ ဖက်ပြတ်ပြီးတော့မှ ဆုံးသွားတယ်။ ရုတ်တရက်ဆေးကုသမှုကလည်း တောတောင်ထဲမှာ မချိန်မမီလိုက်ဘူးဆိုတော့ ဆုံးသွားတာ” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

မြောက်ခင်ရမ်းကျေးရွာတွင်းမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖိနှိပ်မှုကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာကနေ ဇန်နဝါရီ ၂၈ ရက်အထိ မြောက်ခင်ရမ်း ကျေးရွာကနေ ထွက်ပြေးလွတ်မြောက်လာသူ အယောက် ၃၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024