ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါ်ဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး မြို့တွင်းအခြေအနေ ပုံမှန်လည်ပတ်နေပြီလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ရိခေါ်ဒါရ်မြို့ကို ချင်းပြည်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
CDF ဟွာလ်ငိုးရမ်ထိန်းချုပ်ဒေသဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းစင်သွားပြီးနောက်ပိုင်း ဒေသန္တရအစိုးရအနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
“ရိခေါဒါရ်မြို့က ပုံမှန်အတိုင်းပြန်လည်ပတ်နေပါတယ်။ ပြည်သူတွေက ကိုယ့်အိမ်ကို ပြန်နေနေကြပါပြီ၊ ကျောင်းတွေလည်း စဖွင့်နေပြီပေါ့နော်။ နယ်စပ်ကုန်သွယ်ရေး အခြေအနေကတော့ အရမ်းကြီး မလည်ပတ်နိုင်သေးဘူး။ ပြည်သူလူထုကတော့ စားဝတ်နေရေးမှာ တနေ့လုပ်တနေ့စားပေါ့” လို့ CDF ရိခေါဒါရ်မြို့အုပ်ချုပ်ရေး အထွေထွေအတွင်းရေးမှူး ဦးလာလ်ရိုဒိန်းငါက ပြောပါတယ်။
ရိခေါဒါရ်မြို့မှာ လူဦးရေ ၉၀၀၀ ကျော်ရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြို့ခံ ၇၀၀၀ နီးပါး မြို့တွင်းမှာ ပြန်လည်နေထိုင်နေပြီဖြစ်ပါတယ်။
ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စည်ပင်သာယာလုပ်ငန်းတွေနဲ့ မြို့တွင်း အမှိုက်သိမ်းရေး၊ ရေပေးဝေရေးလုပ်ငန်းတွေက အစ ပြန်လည်လည်ပတ်နေတာ ဖြစ်ပါတယ်။
“ဒေသန္တရအစိုးရအနေနဲ့ ပိုပြီးကျစ်လစ်တဲ့ အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။ လိုအပ်တာတွေကို ကျနော်တို့ဒေသက လူဦးရေစာရင်းကတော့ ရှိပြီ၊ ကလေး-ကဘော်ဘက်ကနေ ရိခေါဒါရ်မြို့ကို စစ်ဘေးရှောင်လာတာတွေလည်း ရှိပါတယ်” လို့ မြို့အုပ်ချုပ်ရေးမှူး ဦးလာလ်ဗဲင်ပွီးယာက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး အမှတ် -၁ လမ်းကြောင်းပေါ်က ရိခေါ်ဒါရ်မြို့ဟာ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တမြို့ဖြစ်ပါတယ်။
“မြို့တွင်းမြူနီစီပယ်လုပ်ငန်းတွေကို CDF-ဟွာလ်ငိုးရမ် HPO အောက်မှာ စည်ပင်သာယာရေး ကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဈေးခွန်၊ ဘီးခွန်၊ အသားခွန်၊ ရေဖြန့်ဝေရေး၊ မြို့တွင်းသန့်ရှင်းရေး အမှိုက်လုပ်ငန်းတွေက အစ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်ရှိမှာ လုပ်ငန်းဆောင်ရွက်နေပါတယ်” လို့ မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရိခေါ်ဒါရ်မြို့ဟာ ချင်းပြည်နယ်ရဲ့ သင်္ကေတ အသည်းပုံ ရိဒ်ရေကန် တည်ရှိပြီး စစ်အာဏာမသိမ်းခင်က ခရီးသွားဧည့်သည်ဝင်ရောက်မှုများတဲ့ မြို့တမြို့ ဖြစ်ပါတယ်။