သုံးနှစ်သုံးမိုး၊ ချစ်သူမျိုးလည်း၊
မျှော်ကိုးမရ၊ ကွဲကြရပြီ၊
ညားကြဖို့ရေးဝေးသတည်း။ ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ အပူအပင်ကင်းစွာ နိုးထလာတဲ့ မြန်မာပြည်သူတွေဟာ မယုံနိုင်စရာဖြစ်ရပ်ကို ထိတ်လန့်ဖွယ် ကြုံတွေ့ခဲ့ကြရပါတယ်။ အင်တာနက်လိုင်းတွေ အဖျက်ခံရချိန်ဟာ ခပ်မှိုင်းမှိုင်း ဆောင်းမနက်ခင်းကို ပိုမိုအုံ့မှိုင်းစေခဲ့ပါတယ်။ အပူအပင်ကင်းစွာ အိပ်ပျော်နေချိန်မှာ “မေမေ ထထ၊ ဘွားဘွား ပြောခိုင်းတယ်၊ အမေစုကို ဖမ်းထားပြီ၊ အာဏာသိမ်းလိုက်ပြီတဲ့။ မြန်မာ့ရုပ်သံက ကြေညာနေတယ်” လို့ ကြားလိုက်ရချိန်မှာ မယုံနိုင်စရာ ကြောင်တောင်တောင် ဖြစ်ရပ်ကြီးကို မလွှဲမရှောင်သာ ကြုံတွေ့ခဲ့ရပါပြီ။ ဘာလုပ်ရမလဲ။ ဘာလုပ်ရင်ရမလဲ။ သို့လောသို့လော အခြေအနေဟာ မြန်မာလူထုအတွက် ဝမ်းနည်းဖွယ် အင်မတန်ကောင်းခဲ့ရပါတယ်။ အတွေ့အကြုံရှိ ဝါရင့်လူကြီးတွေကို လိုက်လံမေးမြန်းတဲ့အခါမှာတော့ ဒီအာဏာသိမ်းမှုဟာ အနည်းဆုံး ရက် ၂၀ ကြာနိုင်ပြီး နှစ် ၃၀၊ နှစ် ၇၀ လည်း ကြာသွားနိုင်ပါတယ်တဲ့။ ဒါဟာ ကျမတို့ မြန်မာပြည်သူလူထုအတွက် ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိတဲ့ အခြေအနေပဲ ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေကစ မြန်မာပြည်သူများဟာ နိုင်ရာကထလို့ စခဲ့ကြပါတယ်။ အခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဆိုရင်ဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၃ နှစ်တာကာလ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ သို့ပေမဲ့ မြန်မာပြည်သူတွေရဲ့ ကိုဗစ်ကပ်ဆိုးအလွန် ကြံ့ကြံ့ခံနေတဲ့ စိတ်ဓာတ်တွေကြောင့် စစ်အာဏာရှင်ဟာ ဆက်လက်အနိုင်ကျင့်၊ ဗိုလ်ကျ၊ ထိန်းသိမ်းနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သုံးနှစ် သုံးမိုး ဘယ်လိုပဲ ကြိုးစားပါစေ၊ စစ်အာဏာရှင်ဟာ စလယ်ဝင် ဖင်မမည်းခင် ကျဆုံးနိဂုံး အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
သုံးနှစ်အတွင်း ပြန်တွေးကြည့်ရင် ဘဘဦးဝင်းတင် ပြောခဲ့သလို မူးလို့ ရှူစရာ ကျေးဇူးမရှိခဲ့တဲ့ စစ်တပ်ဟာ အဆုံးစွန်ထိ ရက်စက်ယုတ်မာ ယုတ်ညံ့ခဲ့တာကို တွေ့ရပါတယ်။ ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒပြနေတဲ့ မျိုးဆက်သစ်လူငယ် မိန်းကလေးတယောက်ကို ခေါင်းကို တည့်တည့်ချိန် ပစ်သတ်ခဲ့ရာက စလို့ မြန်မာပြည်သူတွေကို ရမ်းချင်တိုင်း ရမ်း၊ ကြမ်းချင်တိုင်း ကြမ်းခဲ့ပါတယ်။ ကလေးသူငယ်တွေ ထမင်းစားနေချိန်ထိ လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ အဖွဲ့အစည်းဟာ အခု သုံးနှစ်တာကာလမှာ လေယာဉ်နဲ့ ကိုယ့်တပ်ကိုယ်ဆင်းတာတောင် ပစ်ချခံရ၊ ကျဆုံးခဲ့ရရှာပါတယ်။ မြေပြင်မပြောနဲ့ လေယာဉ်ပေါ်တောင် မလုံခြုံတဲ့ဘဝ ရောက်ခဲ့ကြရပါပြီ။ သမ္မတကြီးနဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများကို ကြက်ကလေး ငှက်ကလေးတွေလို လွယ်လွယ်ကူကူ ဖမ်းခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ မြန်မာ့မျိုးဆက်သစ် တပ်တော်ရဲ့လက်ထဲ လက်ထိပ်တန်းလန်းနဲ့ ညှင်းသိုးသိုး မှုံကုပ်ကုပ် အနေအထားကို ရောက်ရှိလာခဲ့ရပါပြီ။ ပြည်သူ့ကျိန်စာဟာ အင်မတန်ကြောက်စရာကောင်းလောက်အောင် ဝဋ်ကြွေးရဟတ် တပတ်လည်ခဲ့ပါပြီ။ အရပ်ထဲထွက်လို့ ကိုယ့်မျိုးရိုးဘာဆိုတာတောင် မပြောရဲစရာ ယုတ်ညံ့တဲ့ အနေအထား ရောက်ရှိခဲ့ရပါတယ်။ စကားတခွန်းကြောင့် အချင်းချင်း စကားများ ရန်ဖြစ် ဝိုင်းသတ်တဲ့အထိ ဖြစ်ပျက်နေတာ တွေ့ရပါတယ်။ ရဲမှူး အပါအဝင် ဗုံးခိုကျင်းထဲက အဆက်အသွယ်ရနေဆဲ မိမိတပ်ဖွဲ့ကို လေယာဉ်နဲ့ တမင်ပဲ ဗုံးကြဲသတ်ခဲ့လေသလား ဆိုတာကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။ ခွေးစားထားတဲ့ လေယာဉ်မှူးရဲ့ အပိုင်းအစတွေဟာ အရှင်အလတ်လတ်ပဲ ငရဲပြည်ရောက်ခဲ့လေသလား မတွေးဝံ့စရာပါပဲ။ အဆိုးဆုံးက ဒီလိုအဖြစ်ဆိုးတွေကို ပြည်သူတွေ ပျော်ကြတာ ပြန်သိသွားကြတာပါပဲ။ ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ဘဝတွေပါလဲ။ တရားရဖွယ် ကောင်းလေစွ။
အခုအချိန်မှာ အာဏာရှင်တပ်ဖွဲ့ဟာ တိုင်းပြည်ရဲ့ ပြည်ပရန် မဟုတ်ဘဲ ကိုယ့်ပြည်သူနဲ့ကိုယ် စစ်ဖြစ်နေပါတယ်။ လက်နက်၊ ယာဉ်မျိုးစုံ ၊ ငွေကြေး သာလွန်ပေါများစွာ တိုက်ခိုက်နေပေမဲ့ ပွဲတိုင်းလိုလို ရှုံးနိမ့်နေရပါတယ်။ မြေကြောင်း၊ ရေကြောင်း၊ လေကြောင်းနဲ့ ဘယ်လိုပင် ကြိုးစားပေမဲ့ အဘက်ဘက်က ရှုံးနိမ့်နေရပါတယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်ပါပဲ။ ရဲဘော်ရဲဘက်စိတ်ဓာတ် မရှိသလို တိုက်တိုင်းရှုံးနေတဲ့ အနေအထားမှာ စိတ်ဓာတ်ပျက်ပြားလာနေပါတယ်။ အချင်းချင်း ချနင်းတာတွေ၊ ကိုယ့်ဘက်မပါရင် လိုက်သတ်တာတွေဟာ စိတ်ဓာတ်ရေးရာ လုံခြုံမှုကို မပေးစွမ်းနိုင်ပါဘူး။ ဒါတွေဟာ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်သလို ဘယ်သူမပြု မိမိမှုပါပဲ။ အမိန့်ဟုဆိုကာ တရား၏၊ မတရား၏ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတဲ့သူတွေဟာ နောက်ဆုံးမှာတော့ ကိုယ့်တရား ကိုယ်သာ စီရင်ကြရတာပါပဲ။
ဒီနေရာမှာ တခုသတိထားမိတာက ဒီအဖွဲ့အစည်းတွေထဲကမှ စေတနာမှန်သူတွေပါ။ အခြေအနေအရ အခွင့်အရေးရလာချိန်မှာ ရန်သူ့သုံ့ပန်းပင် ဖြစ်နေပါစေ၊ ကြည်လင်လန်းဆန်းတဲ့ ရုပ်သွင်တွေပါ။ သူ့ရုပ်သွင်မှာ သူ့စေတနာတွေ ထင်ဟပ်နေသလိုပါပဲ။ မိမိကိုယ်သာ ကိုးကွယ်ရာပါ။ မိမိယုံကြည်ချက်ပေါ် လုပ်ရပ်တွေအပေါ် လိပ်ပြာလုံနေပုံများက အတိုင်းသား ပေါ်လွင်နေပါတယ်။ ပြည်သူတွေရဲ့ မြတ်နိုးရတဲ့ အဆောက်အအုံတွေ၊ စည်းစိမ်ဥစ္စာတွေ၊ အသက်တွေ ပျက်စီးဆုံးရှုံးမှုကြောင့် ပူလောင်နေချိန်မှာ စိတ်တူကိုယ်တူ သဘောတူခဲ့သူများကတော့ ထိုသို့နေနိုင်မည် မဟုတ်ပါ။
အထိမ်းအမှတ်ပွဲတော် ကျင်းပနေတဲ့ တိုင်းရင်းသားတွေကို လေယာဉ်နဲ့ ဗုံးကြဲရဲခဲ့တဲ့ အဖွဲ့အစည်းဟာ ကိုယ့်စခန်း ကိုယ်မနေရဲသလို အပြင်လည်း ယူနီဖောင်းနဲ့ မထွက်ရဲလောက်အောင် ကြောက်လန့်နေခဲ့ရပါပြီ။ အိပ်ကောင်းခြင်း အိပ်ရပါ့မလားလည်း စဉ်းစားမရတော့ပါဘူး။ စာသင်ခန်းထဲက လေယာဉ်လာလို့ ပြေးကြရတဲ့ ကလေးလေးတွေမှာ ဘာအပြစ်ရှိလို့ပါလဲ။ ကိုယ့်အိမ်မှာကိုယ် ဘုရားအိုးလဲရင်း လက်နက်ကြီးကြောင့် သေဆုံးသွားရတဲ့ ပြည်သူတွေရဲ့ ကျိန်စာဟာ အရာရာ လိုက်မမီအောင် ကြုံတွေ့နေကြရပါတယ်။ ဘုရားကရွှေ၊ ငွေများ၊ ဘန်ကာတွေပေါ် စေတီတည်တာတွေဟာလည်း ဘုရားကို ညာမရကြောင်း သိမြင်လာရတော့မှာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ပြည်သူကို ပစ်သတ်နေတဲ့ လက်နက်နဲ့ လေယာဉ်တွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်ပြီး သူတို့ဟာလည်း ပြည်သူ့လစာ စားနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်မွေးတဲ့ ခွေး၊ ကိုယ့် မလေး ဆက်ဆံတာ ခံလိုက်ရတာပါပဲ။ ဒါတွေသာလည်း ကိုယ့်မထိသရွေ့ မသိတဲ့သူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကာလ ကပ်ဆိုးအလွန်မှာတော့ ဒီလိုတွေ မကြုံရဖို့ ဝိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဖြတ် လေး ဖြတ် လို့ သူတို့ ပြုမူခဲ့တာတွေဟာ ပြည်သူကို ခက်ခဲကျပ်တည်းစေခဲ့တာတွေဟာ တန်ပြန်ခံစားရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါပြီ။ မြန်မာ့အနာဂတ်ရင်သွေးတွေရဲ့ ပညာရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ နိုင်ငံရဲ့အနာဂတ်နဲ့ သက်ဆိုင်တဲ့ ထိခိုက်မှုတွေပါပဲ။ ပြုစုပျိုးထောင်ရမယ့်အစား ကိုယ့်သားသမီး၊ မြေးရဲ့ ချမ်းသာမှုကို တကိုယ်ကောင်းစိတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့တောင်မှ လဲလှယ်ခဲ့ပါတယ်။ အချိန်တန် မျိုးရိုးပါ ထိမ်ဝှက် လည်ပတ် လျှောက်လှမ်းရမယ့် မျိုးရိုးတွေပါပဲ။ တနပ်စားအကြံနဲ့ ပြုမူခဲ့တာတွေဟာ ထိုသူနဲ့ နောက်လိုက်နောက်ပါတွေကိုပါ ပြန်ပြင်မရတဲ့အထိ သက်ရောက်စေခဲ့ရပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အမှန်တရားကသာ အနိုင်ရပါလိမ့်မယ်။ စိတ်ထားမှန်သူတွေဟာ နေရာဧကန် ကျန်ပါလိမ့်မယ်။ အိပ်ယာထတိုင်း လိပ်ပြာလှဖို့ တိုင်းပြည်ရဲ့ အနာဂတ်ကိုသာ ဝိုင်းဝန်းကြိုးစား ပုံဖော်ကြဖို့ အားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ နောက်ဆုံးလက်ကျန် အာဏာရှင်ရဲ့ သုံးနှစ်တာကာလ စလယ်ဝင် ဖင်မမည်းခင်ကပင် ကွဲပြဲခဲ့တဲ့ အကွဲအပြဲများကို သင်ခန်းစာယူရင်း ကိုယ့်ကြောင့် တိုင်းပြည်ကောင်းဖို့သာ ဖြစ်စေရန် မဖြစ်မနေ လုပ်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။