လူမှုကွန်ရက်ကြောင့် ထိခိုက်ခဲ့တဲ့ ကလေးတွေအတွက် သူတို့မိသားစုတွေကို မက်တာ ကုမ္ပဏီရဲ့ စီးအီးအို မာ့ခ်ဇူကာဘတ်က တောင်းပန်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်က အမေရိကန်အထက်လွှတ်တော်မှာ ပွဲကြမ်းခဲ့တဲ့ ကြားနာစစ်မေးမှုမှာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် လူမှုကွန်ရက်တွေ လုပ်ကိုင်နေတဲ့ မက်တာစီအီးအိုကို အဓိက မေးခွန်းထုတ်ခဲ့ကြပါတယ်။
“မစ္စတာဇူကာဘတ်၊ ခင်ဗျားနဲ့ ခင်ဗျားကုမ္ပဏီက မရည်ရွယ်ဘူးဆိုရင်တော့ ခင်များတို့လက်မှာ သွေးစွန်းနေပြီ” လို့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က ပြစ်တင်ခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ်တွေဟာ ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာတွေရဲ့ စီအီးအိုတွေကို လွှတ်တော်မှာခေါ်ပြီး ကြားနာစစ်မေးတာ ဖြစ်ပါတယ်။
လူမှုကွန်ရက် မီဒီယာတွေကို အသုံးချပြီး ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာတွေ ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ ပျက်ကွက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မက်တာအပြင် Tiktok, Snap, X နဲ့ Discord တို့က စီအီးအိုတွေပါ ဆင့်ခေါ်ခဲ့ကြတာပါ။
လေးနာရီလောက်ကြာတဲ့ စစ်မေးမှုကို တက်ရောက်ဖို့ ဇူကာဘတ်နဲ့ Tiktok စီအီးအို ရှိုဇီချူး တို့ နှစ်ဦးကပဲ အသာတကြည် သဘောတူခဲ့ကြတာပါ။
ကျန်တဲ့စီအီးအိုတွေက ကနဦးမှာ ငြင်းခဲ့တဲ့အတွက် အစိုးရက သမ္မန်စာနဲ့ ဆင့်ခေါ်ခဲ့ရတာပါ။
စီအီအိုးငါးယောက်ရဲ့ နောက်မှာတော့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေကြောင့် သူတို့ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ခဲ့ကြသူတွေ၊ သေဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေ ထိုင်နေကြပါတယ်။
သူတို့တွေက အခန်းထဲကို စီအီးအိုတွေ ဝင်လာတော့ အော်ဟစ်ရှုတ်ချခဲ့ကြသလို နှစ်ပါတီစလုံးက လွှတ်တော်အမတ်တွေက ခက်ခဲတဲ့မေးခွန်းတွေ မေးတဲ့အခါမှာလည်း လက်ခုပ်လက်ဝါး တီးခဲ့ကြပါတယ်။
ဇူကာဘတ်ပြီးရင် ဖိအားအပေးခံရဆုံးက Tiktok စီအီးအို စင်ကာပူနိုင်ငံသား ရှိုဇီချူး ဖြစ်ပြီး အမေရိကန်က သုံးစွဲသူတွေရဲ့ အချက်အလက်တွေ တရုတ်အစိုးရကို မပေးပါဘူးလို့ ငြင်းဆိုသွားပါတယ်။
စင်ကာပူရဲ့ စည်းမျဉ်းတွေကြောင့် သူ့သားသမီးသုံးယောက်စလုံးတောင် Tiktok မသုံးဘူး ဆိုတာ ဝန်ခံသွားပါတယ်။
Source/Photo-Reuters