ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဒီနှစ်နွေရာသီအတွင်း ကျင်းပသွားမယ့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအတွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကိစ္စရပ်နဲ့ပတ်သက်ပြီး AI နည်းပညာသုံး ဘာသာပြန် အက်ပ်(App)တခုကို စတင်အသုံးပြုမယ်လို့ သိရပါတယ်။
RATP လို့ အမည်ပေးထားတဲ့ ဒီဘာသာပြန်ပစ္စည်းက ပြင်သစ်မြို့တော်တလျှောက် နိုင်ငံတကာခရီးသွား ထောင်ပေါင်းများစွာကို လမ်းညွှန်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်သစ်အပါအဝင် တရုတ် မန်ဒရင်း၊ အာရေဗျနဲ့ ကိုရီးယားစတဲ့ ဘာသာစကား ၁၆ မျိုးကို အပြန်အလှန် စာနဲ့ဖော်ပြပေးနိုင်သလို အသံထွက်ပြီး ဖတ်ပြပေးတဲ့စနစ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် AI အသိဉာဏ်ရည်တု နည်းပညာသုံး ဘာသာပြန်စက်ကို အေးဂျင့်ပေါင်း ၃၀၀၀ ကျော်နဲ့အတူ နေရာချထားမှာဖြစ်ပြီး အိုလံပစ်ပွဲ လာရောက်မယ့်သူ အားလုံးအတွက် အသင့်ဖြစ်နေပြီလို့ ဖော်ပြထားပါတယ်။
မြေအောက်မီးရထား ဝန်ထမ်းတဦးကတော့ ဒီစက်ကြောင့် ပိုမိုယုံကြည်မှု ရှိလာတယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာလည်း ဘာသာပြန်လမ်းညွှန်စနစ်ကို ဆက်လက် ထားရှိမှာဖြစ်ကြောင်း သိပါတယ်။
၄ နှစ်တကြိမ် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲကြီးကို ဇူလိုင် ၂၆ ရက်ကနေ သြဂုတ် ၁၁ ရက်အထိ ပြုလုပ်သွားမှာပါ။
Photo - Reuters