Home
မြန်မာသတင်း
ပေါက်တော စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် မိုင်းများရှင်းစေလို 
DVB
·
February 1, 2024
pauk 122024

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်ကနေ စစ်ဘေးရှောင်လာရတဲ့ မြို့ခံပြည်သူတွေဟာ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းတွေရှင်းလင်းဖို့ လိုလားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောမြို့ပေါ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်ကတည်းက စပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် ပေါက်တောမြို့ပေါ် ဒေသခံတွေဟာ မြို့ပေါ်ကနေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။

ပေါက်တောမြို့ပေါ်ကို စစ်ကောင်စီဘက်က လေကြောင်း‌၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပေမဲ့ ရက္ခိုင့်တပ်တော်ဘက်က ပေါက်တောမြို့ပေါ် အားလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်လာသူတဦးက“အေအေဘက်က ထိန်းချုပ်လိုက်ပြီဆိုတော့ မြို့ပေါ်ကို ပြန်ချင်တယ်။ ကိုယ့်အိမ်ကိုယ့်ယာကို တခေါက်လောက်တော့ ပြန်ကြည့်ချင်တယ်။ မြို့ထဲမှာတော့ မိုင်းထောင်ထားတာတွေ အများကြီးလည်း ကျန်သေးတော့ ပြန်ရမှာကို ကြောက်တယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့ ဒေသခံအများစုဟာ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ဖို့ လိုလားပေမဲ့ စစ်ကောင်စီဘက်က ပေါက်တောမြို့ပေါ် သွားသူတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေတဲ့အပြင် မြို့ထဲမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်တွေနဲ့ မိုင်းတွေ ကျန်နေသေးတဲ့အတွက် ဒေသခံတွေဟာ ပေါက်တောမြို့ပေါ်ကို ပြန်နိုင်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။

ပေါက်တောမြို့ပေါ် အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက “တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တော့ မပေါက်ဘဲကျန်ခဲ့တဲ့ လက်နက်တွေနဲ့ မိုင်းတွေ ပေါက်တောမြို့ထဲမှာ အများကြီးကျန်ခဲ့လိမ့်မယ်။ ဒီလက်နက်တွေကို အရင်ဆုံး ရှင်းစေချင်တယ်။ မရှင်းဘဲနဲ့ ထားလိုက်ရင် ပြည်သူတွေအတွက် အသက်အန္တရာယ် ဆုံးရှုံးနိုင်တယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့ပေါ်ကနေ တိမ်းရှောင်လာရတဲ့ ပြည်သူအများစုဟာ လက်ရှိမှာ စား‌ရေးသောက်ရေး၊ နေရေးထိုင်‌ရေး အခက်အခဲတွေ ကြုံနေရတဲ့အပြင် နေအိမ်တွေပျက်စီးမှု၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ဖောက်ထွင်းခံရမှုတွေနဲ့ပါ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “မြို့ပေါ်မှာကျန်ခဲ့တဲ့ အိမ်တွေ၊ ပစ္စည်းတွေ အကုန်လုံး ဖောက်ထွင်းခံနေရတယ်။ တိုက်ပွဲကြားမှာ အသက်အန္တရာယ်လည်း စိုးရိမ်ရ၊ ပစ္စည်းတွေလည်း ဆုံးရှုံးရဆိုတော့ ပြည်သူတွေမှာ ဘာမှမကျန်တော့ဘူး။ ခိုးနေတဲ့သူတွေ၊ ဖောက်ထွင်းသူတွေကို အရေးယူစေချင်တယ်။ မိုင်းတွေရှင်းပြီးရင်တော့ အိမ်ကို အမြန်ဆုံး ပြန်ချင်တယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့ပေါ်ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ထားပေမဲ့ ဒေသခံတွေ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းရှင်းလင်း‌ရေးတွေတော့ စတင်လုပ်ဆောင်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024