စစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ မြန်မာနိုင်ငံက ဘဏ် ၂ ခုနဲ့ ကုမ္ပဏီ ၃ ခုကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးမြှင့်ပြုလုပ်လိုက်ကြောင်း သြစတြေးလျ နိုင်ငံရေးခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးကူညီရာရောက်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ အပြင် မြန်မာ့စစ်တပ်ရဲ့ လေယာဉ်ဆီဝယ်ယူမှုမှာပါဝင်ပတ်သက်နေတဲ့ Asia Sun ကုမ္ပဏီအုပ်စု၊ Asia Sun Trading ကုမ္ပဏီလီမိတက်နဲ့ Cargo Link Petroleum Logistics ကုမ္ပဏီလီမိတက်တို့ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်တာလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
Asia Sun စီးပွားရေးအုပ်စုဟာ ၂၀၂၃ ခုနှစ်ကတည်းက အမေရိကန်နဲ့ အီးယူတို့ကနေ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုပိတ်ဆို့ထားပြီး ကုမ္ပဏီ ၁၀ ခုလောက်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးအုပ်စုဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ဝယ်ယူရရှိရေးမှာ အဓိကပါဝင်နေတယ်လို့လည်းဆိုထားပါတယ်။
စီးပွာရေးပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့ ဘဏ် ၂ ခုဟာလည်း နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရင် အဓိကဆက်ဆံရတဲ့ ဘဏ်တွေဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံခြားငွေ ရှာဖွေပေးနေရတဲ့ ဘဏ်တွေ ဖြစ်ကြပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ သြစတြေးလျရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်တုံ့ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်သွားမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် သြစတြေးလျအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ထောက်ခံပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားမှုတွေကို အားပေးထာက်ခံသွားမယ်လို့ သြစတြေးလျနိုင်ငံရေးဝန်ကြီး ပန်နီဝေါင်းက ထပ်လောင်း ပြောဆိုထားပါတယ်။