Home
မြန်မာသတင်း
တိုင်းပြည်တည်ငြိမ်ရေးနှင့်ရွေးကောက်ပွဲ အကြောင်းပြပြီး စစ်ကောင်စီ ၆ လ သက်တမ်းထပ်တိုး
DVB
·
January 31, 2024
mal_31012024

နိုင်ငံ့အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီက တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပါတီစုံရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လို့ဆိုကာ စစ်အုပ်ချုပ်ရေးကာလ သက်တမ်း ခြောက်လ ထပ်တိုးလိုက်ပါတယ်။

ဒီကနေ့ နေ့လယ်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂ဝ၂၄) မှာ စစ်ခေါင်းဆောင်က ယာယီသမ္မတ ဦးမြင့်​ဆွေကို တင်ပြခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း တိုက်ပွဲတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်တာ၊ အွန်လိုင်းလိမ်လည်မှုတွေ၊ ပညာရေးကဏ္ဍ၊ ရွေး ကောက်ပွဲကျင်းပဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမှုအတွက် တည်ငြိမ်အေးချမ်းခြင်း မရှိသေးလို့ ဆောင်ရွက်ဖို့ လိုအပ်နေတာကြောင့်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သက်တမ်း ခြောက်လထပ်တိုးဖို့ တင်ပြခဲ့ပါတယ်။

လက်ရှိ နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့နဲ့ သာမန်မဟုတ်တဲ့ အခြေအနေဖြစ်တဲ့အတွက် ခြောက်လသက်တမ်း ထပ်မံတိုးခွင့်ပြုတယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်အရ ယာယီသမ္မတဦးမြင့်ဆွေက ခွင့်ပြုခဲ့ပါတယ်။

ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ တက်ရောက်ခဲ့ပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရအဖွဲ့မှ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သုံးနှစ်ရှိပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024