ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ထဲက သာသနိက အဆောက်အအုံတွေ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် နေ့လယ် ၁ နာရီခွဲမှာ လွယ်ထွယ်ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့သလို ဇန်နဝါရီ ၃၁ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်မှာလည်း လွယ်ထွယ်ကျေးရွာနဲ့ ရွာနားက တောင်ယာမှာ လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။
ဆီဆိုင်ဒေသခံရပ်မိရပ်ဖတစ်ဦးက “လွယ်ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းက မနေ့က လေယာဥ်ဗုံးထိတယ်။ ဒီနေ့ နေ့လယ် ၂ နာရီမှာ လွယ်ထွယ်ရွာထဲ တစ်လုံး ဘတောင်ယာနား တစ်လုံးကျတယ်။ လူထိခိုက်မှုတော့မရှိဘူး”လို့ ပြောပါတယ်။
ဆီဆိုင်မြို့ မြကန်သာရပ်ကွက်က မြို့လယ်ဓမ္မာရုံ ဟိုခဲဘုန်းကြီးကျောင်း ဆီဆိုင်မြို့နဲ့ ၃ မိုင်အကွာက ကောင်းမှုဗွာရွာ ဘုန်းတော်ကြီးကျောင်းနဲ့ အခု လွယ်ထွယ် ပအိုဝ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့အပြင် တခြားပျက်စီးမှုတွေ ရှိနိုင်သေးတယ်လို့ သိရပါတယ်။
အိမ်ခြေ ၂၄၀ လူဦးရေ ၁၀၀၀ကျော်နေထိုင်တဲ့ လွယ်ထွယ်ကျေးရွာက ဆီဆိုင်နဲ့ ၅ မိုင်ပဲဝေးပြီး တိုက်ပွဲဧရိယာထဲရောက်နေတာမို့ ဇန်နဝါရီလ ၂၄ ရက်လောက်ကတည်းက အိမ်စောင့်ချန်ထားပြီး တိမ်းရှောင်သွားကြတာဖြစ်ပြီး မိမိတို့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးမှုကြောင့် ဝမ်းနည်းကြေကွဲနေကြရတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
ဆီဆိုင်ဒေသခံ တဦးက “လွယ်ထဲယ်ရွာက စိတ်မကောင်းစရာပါ။ PNO ပအိုဝ်းပြည်သူ့စစ်တွေကလည်း တိုက်ပွဲထဲက အလောင်းကောက်ဖို့ ဖိအားပေးခိုင်းစေခံရပြီး ရွာသားတွေဆီက ပိုက်ဆံကောက်ပြီး အလောင်းကောက်သွားသူတွေကို ပေးခဲ့တာ။ ခု လေယာဥ်ဗုံးထိတာ ၂ ရက်ဆက်ဖြစ်နေပြီ” လို့ ပြောပါတယ်။
ဆီဆိုင်မြို့က စစ်ဘေးရှောင် ပြည်သူတဦးကလည်း “စစ်ပွဲဖြစ်လို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတော့ ရှိမှာပါပဲ။ မြို့ပေါ်မီးလောင် ဘာသာရေး အဆောက်အအုံတွေ မီးလောင်ပျက်စီးတာကတော့ စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ စစ်ပွဲတွေ ထပ်မဖြစ်စေချင် တော့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးမှုနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စွပ်စွဲအပြစ်တင်ထားပါတယ်။