မွန်ပြည်နယ်၊ မုဒုံမြို့နယ် မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့မှာ ဘုရားဖူးကားတစီး တိမ်းမှောက်ပြီး လူအယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သစ္စာပန်းခင်း လူမှုကူညီရေးအဖွဲ့နဲ့ မုဒုံမြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
မုဒုံမြို့နယ်၊ လက်တတ်ကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမ ထိုင်တော်မူဘုရားအနီးမှာ မွန်းလွဲ ၂ နာရီကျော်က လူ ၃၂ ဦး လိုက်ပါလာတဲ့ ဘုရားဖူး ဟိုက်ဂျက်ကားတစီး လမ်းချော်ပြီး တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ ၃၂ ဦးမှ ကလေး ၁၀ ယောက်ကျော်နဲ့ လူကြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မုဒုံမြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဟိုက်ဂျက်ကားက လမ်းချော်ပြီး လဲသွားတာ။ သူတို့ အုတ်ဖိုထဲမှာ နေတဲ့သူတွေ။ ထိခိုက်ဒဏ်ရာကျတော့ ကျနော်တို့ နှစ်ဖွဲ့ကွဲသွားတယ်။ မုဒုံဆေးရုံနဲ့ ကမာဝက်ဆေးရုံဆိုပြီး။ ကျနော်တို့ မုဒုံကိုပို့တဲ့ လူနာတယောက်ကတော့ မော်လမြိုင်ဆေးရုံ ပို့လိုက်တယ်။ ဒဏ်ရာလို့ခေါ်လောက်တာက ၂၀ ကျော်လောက်ရှိတယ်။ ကားသမားတယောက်ပဲ စိုးရိမ်ရတာပါ။ ကလေး ၅ ဦးနဲ့ လူကြီး ၁ ဦးကိုတော့ သူတို့နေတဲ့ နိုင်လုံရွာမှာရှိတဲ့ အုတ်ဖိုကို ပြန်ပို့ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို သစ္စာပန်းခင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြန်မာလူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (မုဒုံ)၊ မေတ္တာရှင်သွေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတို့က သွားရောက်ကူညီခဲ့ကြပြီး ဒဏ်ရာနည်းတဲ့သူတွေကို မုဒုံဆေးရုံနဲ့ ကမာဝတ်ဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာများတဲ့သူတွေကိုတော့ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
သစ္စာပန်းခင်း လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဘုရားဖူးကားက ထိုင်တော်မူမှာ ဘုရားဖူးပြီး ဗျိုင်းနှစ်ကောင် ထပ်သွားတဲ့အချိန်မှာ ကားရှောင်ပြီး လမ်းချော် မှောက်သွားတာ။ လူကြီး ၁၀ ယောက်ကျော်နဲ့ ကလေး ၁၀ ယောက်ကျော်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူ အများစုက မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမ အဇင်း စိုက်ပျိုးရေးခြံရှေ့မှာ ဇန်နဝါရီ ၁၂ ရက်က တက္ကသိုလ်ကျောင်းအကြိုအပို့လိုင်းကား တိမ်းမှောက်ပြီး ယာဉ်မောင်းနဲ့ ကျောင်းသား ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။