မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းတောရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ပြီး ရွာသားနှစ်ဦးကို ပစ်သတ်ထားခဲ့တာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အလောင်းမကောက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းတောရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းမှာ ပထမအကြိမ် မီးရှို့ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် မနက်မှာ ရွာထဲထပ်မံဝင်လာပြီးနောက် နေအိမ်တွေကို ထပ်ရှို့ခဲ့တာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
“ရွာနားကလမ်းပေါ်မှာ စစ်တပ်ကား မိုင်းဆွဲခံရပြီးတော့ စစ်သားတွေ ရွာထဲ သေနတ်တွေပစ်ပြီး ဝင်လာတာပဲ။ ကပစ ၂၁ က စစ်သားတွေ အများဆုံးပါမယ်။ တခြားပါသူတွေက ဘယ်ကလဲဆိုတာတော့ မပြောတတ်သေးဘူး။”
ကျွန်းတောရွာက နေအိမ် ၁၆၀ ဝန်းကျင်ရှိပြီး စစ်တပ်က နှစ်ရက်ဆက် မီးရှို့တာကြောင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
“ရွာထဲက အသတ်ခံထားရတဲ့နှစ်ယောက်လည်း ခုထိ အလောင်းမကောက်နိုင်သေးပါဘူး။ ရွာမြောက်ဘက်ကိုတော့ ဝင်လို့ရလို့ ဝင်ပြီး အလောင်းသွားကောက်ပေမဲ့ ကင်းပုန်းတွေကပစ်လို့ ပြန်ပြေးလာရတယ်။ သတ်ခံထားရတာကတော့ နှိပ်စက် ခေါင်းဖြတ်ပြီး ခေါင်းကို ခြံစည်းရိုးမှာ ချိတ်ထားတယ်။ ရွာတောင်ဘက်ကတော့ မသိရသေးဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ကျွန်းတောရွာကို မီးရှို့သွားတဲ့ စစ်တပ်က ကားကြီးတစီးနဲ့ ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို သယ်သွားတယ်လို့ ဆိုပါတယ်။
“ကားကြီးနဲ့ အပြည့်တော့ သယ်သွားတာပဲ၊ ဘာတွေသယ်သွားလဲဆိုတာ မသိရသေးဘူး၊ ခုထိ မပြန်ရဲကြသေးဘူး။ စစ်သားတွေက ရွာထဲ ဘာတွေထောင်ခဲ့ထားခဲ့လဲ မသိရသေးဘူး၊ ကင်းပုန်းတွေလည်း ရှိသေးတယ်” ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ် ကင်းပုန်းတွေက ရွာအနီးမှာ ရှိနေတာကြောင့် ဒေသခံတွေ ရွာထဲမဝင်ရဲသေးဘဲ ဘေးလွတ်ရာမှာ ရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်နေရတဲ့ ကျွန်းတောရွာသားတဦးက “ရာသီဥတုအေးတာတော့ ည လူ ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး ပူးကပ်နေရတာပဲ။ စောင်တွေလိုတာပေါ့။ စားစရာတွေ တခြားသူပေးတဲ့အထုပ်တွေ မနက်စာ ညစာ ခွဲထားပြီး စားနေရတယ်။ ခါးဝတ်ခါးစားနဲ့ပဲ ပြေးလာကြတာ၊ ဘာမှမပါဘူး” လို့ ပြောပါတယ်။
ဆိပ်ဖြူ-ဆော ကားလမ်းပေါ်က စစ်ကားတစီး ဇန်နဝါရီ ၂၈ ရက်က မိုင်းဆွဲခံရပြီးနောက် စစ်သားတွေက ကျွန်းတောရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။