စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကံကြီးရွာကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ၁၅ ဦးလောက် ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီလေယာဉ်ဟာ မကွေးတိုင်း မြိုင်ဘက်ကနေ လာရောက် ပစ်ခတ်တာကြောင့် မိတ္ထီလာလေတပ်က လာပစ်ခတ်တာဖြစ်နိုင်ပြီး ဂျက်ဖိုက်တာအမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
ကံကြီးရွာသားတဦးက “ပစ်တာက ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ ပစ်သွားတာဗျ။ အဲလို သူတို့ပစ်တာက ဘုန်းကြီးကျောင်း အရှေ့ဘက်ကို အဓိကပစ်သွားတယ်။ အိမ်တလုံးကတော့ မီးလောင်ပြာကျ ပျက်စီးတယ်။ နောက်ထပ် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသလို ရွာဘုန်းကြီးကျောင်းက ဓမ္မာရုံလည်း ပျက်စီးတယ်ဗျ။ အသက် ၂၈ လောက်ရှိတဲ့ ကောင်မလေးတဦးလည်း သေဆုံးတယ်။ ၁၅ ဦးလောက်လည်း ထိခိုက်ဒဏ်ရာရတယ်။ နွား ၅ ကောင်လည်း သေတယ်။ ပစ်တာကတော့ ရွာကို ၂ ပတ် ပတ်ပြီးကို ပစ်တာ၊ ဘာလို့ အဲလိုပစ်တာလဲဆိုတော့ ဒေသခံကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့ သတင်းအရ ပစ်တာနေမယ်ဗျ။ ကာကွယ်ရေးအဖွဲ့ကလည်း အခုမှ နေတာမဟုတ်ပါဘူး၊ အရင်ကတည်းက ရှိနေတာပါ။ သူတို့ဘက်က သတင်းအတိအကျရလို့ လာပစ်တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပစ်ခတ်လို့ ရွာအတွင်း ၄ ပေ၊ ၅ ပေခန့် ကျင်း ၂ ခု ဖြစ်သွားခဲ့ပြီး ကျေးရွာအတွင်းက လယ်ယာသုံးထွန်စက် အများအပြား ပျက်စီးသလို မီးလောင်ဆုံးရှုံးတဲ့ အိမ်အတွင်းက စပါးတင်း ၁၀၀ ကျော်ပါ မီးလောင်ဆုံးရှုံးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘာလို့ပစ်တာလဲဆိုတာကတော့ စစ်ကောင်စီဘက်က တိကျတဲ့ သတင်းအချက်အလက်ရလို့ လာပစ်တာ ဖြစ်နိုင်တယ်။ ကိုယ့်ဘက်က ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လုပ်ငန်းလုပ်မယ်ဆိုရင် ဖိဖိစီးစီးနဲ့ ခြေသံလုံလုံလုပ်ကြဖို့ အကြံပေးချင်ပါတယ်။ ကျနော်တို့ မြို့နယ်ပအဖအဖွဲ့တွေအနေနဲ့ မြေပြင်က သတင်းတွေရဖို့ ကြိုးစားနေပါတယ်။ အဲ့ရွာက ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ် စုံစမ်းနေဆဲဖြစ်တယ်” လို့ ပုလဲမြို့နယ် ပအဖတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ပုလဲမြို့နယ်အတွင်းက ညောင်ကုန်းနဲ့ ပိတောက်ကုန်း ရွာကိုလည်း ဇွန်လ ၂၇ ရက် ညနေက အခုလို လေကြောင်းကနေ ပစ်ခတ်လို့ သံဃာတပါး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီကလည်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာအနီးမှာ ဖွင့်လှစ်ထားတဲ့ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အဆင့် တရားစီရင်ရေးရုံးကို ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးနဲ့ တရားရေးတာဝန်ခံ အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။