ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ကြိုးစားနေဆဲနဲ့ အောင်မြင်မှု အနည်းငယ် မြင်တွေ့လာပြီဖြစ်ပြီး အခြေအနေကောင်းလာဖို့ပဲရှိတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက “ကျနော်တို့ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီ ဖွဲ့စည်းထားတာလည်း အခုဆိုရင် ၁၀ နှစ်လောက်ရှိပြီးပေါနော်။ ကြိုးစားနေဆဲ ဒါပေမယ့် သဘောတူ စိတ်ထားညီညွှတ်မှု အောင်မြင်မှုတော့ နည်းနည်းတော့ မြင်တွေ့လာပါတယ်။ အခြေကတော့ ကောင်းလာဖို့ပဲရှိပါတယ်။ ကောင်းလာဖို့ပဲရှိတော့တယ်” လို့ ပြောပါတယ်။
ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ၁၀ နှစ်တာကြာမြင့်လာပြီမို့ ပြည်သူတွေက ပေါင်းစည်းနိုင်ဖို့နဲ့ ကေအန်ယူတခုတည်းအောက်မှာ ပေါင်းစည်းနိုင်ရင် ကောင်းတယ်လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
“လက်နက်ကိုင်ပေါင်းစည်းရေးကတော့ ကရင်လူမျိုးပေါင်းစည်းလို့ရလိုရှိရင် ပိုကောင်းတာပေါ့။ နဂိုတည်းကလည်း KNU တခုတည်းနဲ့ပေါင်းနေကြတာပဲ။ ရရင်တော့ ကောင်းတာပေါ့။”
ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေး ရမရကို ပြောလို့မရသေးသလို လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးအတွက် လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်နေတာတွေရှိပြီး အပြင်ပိုင်းအရ လူထုရှေ့မှာ လက်နက်ကိုင်ပေါင်းစည်းရေး ကရင်နှစ်သစ်ကူးနေ့လုပ်ဆောင်တာ၊ တွေ့ဆုံ ဆွေးနွေးပွဲလုပ်တာ ယျေဘုရသဘောလောက်ဖြစ်ပြီး အတွင်းပိုင်းကျကျကို မသိရဘူးလို့ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ ၁၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သယုကျိုးကျေးရွာမှာ ဒုတိယအကြိမ် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနဲ့ လူထုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါတယ်။
ကရင်လူထုတွေ့ဆုံပွဲအတွင်း ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ၁၀ နှစ်တာ ကြာမြင့်လာပြီးဖြစ်ပေမဲ့ ပေါင်းစည်းဖို့ ဒီကနေ့အထိ ပြည်သူတွေကို တိကျသေချာတဲ့ အဖြေမပေးနိုင်တဲ့အပေါ် ကျေနပ်မှုမရှိကြဘူးလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကရင် လူထုတွေ့ဆုံပွဲကို လက်နက်ကိုင် ၄ ဖွဲ့က ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးလိုလားတဲ့ ကရင်သံဃာတော်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကျေးရွာ ၅၀ က ဒေသခံပြည်သူ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။