မြောက်ကိုရီးယားဟာ နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဒေသမှာ လက်နက်ကိုင် ရန်စမှုတွေ၊ ဒရုန်း ကျူးကျော်ဝင်ရောက်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ သို့မဟုတ် သတင်းအတု ဖြန့်ဝေတာတွေ လုပ်ပြီးတော့ ဧပြီလ ပါလီမန်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ရန်စမှုတွေ ပြုလုပ်လာနိုင်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဇန်နဝါရီ ၃၁ ရက်မှာ သတိပေးခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ နိုင်ငံခြားလုံခြုံရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားတယ်လို့ သမ္မတ ယွန်းက စစ်တပ်၊ အစိုးရနဲ့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေ အတူစုဖွဲ့ထားတဲ့ ဗဟို ဘက်ပေါင်းစုံ ကာကွယ်ရေးကောင်စီ နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေချိန်အတွင်း မှတ်ချက်ပြုခဲ့တာပါ။
မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ မျိုးရိုးပိုင် အုပ်စီးထားတဲ့ အာဏာရှင်အစိုးရကို ထိန်းသိမ်းရေးအတွက် အန္တရာယ်ကြီးတဲ့ကိစ္စတွေကို လုပ်ဆောင်နေပြီး ရုရှားနဲ့ လက်နက်ကုန်သွယ်ခြင်းအားဖြင့် နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေတယ်လို့လည်း သမ္မတယွန်းက ဆိုပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ လူတွေရဲ့ နေ့စဉ်ဘဝကို တခဏအတွင်း ပျက်ပြားသွားစေနိုင်ပြီး သတင်းအတုတွေနဲ့ မမှန်မကန် ဝါဒဖြန့်မှုတွေဟာ လူ့အဖွဲ့အစည်းအတွင်း ကြီးကြီးမားမား မတည်ငြိမ်မှုတွေကို ဖြစ်စေနိုင်ကြောင်းလည်း ပြောပါတယ်။
အခုနှစ်မှာ ဆိုးလ်ရဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးဟာ တာဝေးပစ် အမြောက်တွေနဲ့ လျှပ်စစ်သံလိုက်ခုန်နှုန်း (EMP) တိုက်ခိုက်မှုတွေ အပါအဝင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို အမျိုးမျိုးသော အခြေအနေတွေအောက်မှာ လက်တွေ့ကျကျ တုံ့ပြန်ရမယ့် နည်းလမ်းတွေကို ဆန်းစစ်ဖို့ အထူးဒီဇိုင်းထုတ်ထားတယ်လို့ သမ္မတ ယွန်းရဲ့ ရုံးခန်းက ပြောပါတယ်။
သိပ်မကြာသေးခင် သီတင်းပတ်တွေအတွင်း ပြုံယမ်းဟာ ဆိုးလ်နဲ့ ဝါရှင်တန်တို့ကို ဒုံးကျည်စမ်းသပ်မှုတွေနဲ့ နှုတ်အားဖြင့် ခြိမ်းခြောက်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့ပြီး ဆယ်စုနှစ်တွေချီ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ကို ဖျက်သိမ်းပြီးတော့ တောင်ကိုရီးယားကို သီးခြားရန်သူနိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
Source/Photo-Reuters