Future Forward ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်နဲ့ သူ့ရဲ့ပါတီက ထိုင်းဘုရင့်နန်းတော်ဆိုင်ရာ အခြေခံဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ကြိုးစားတာဟာ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြိုပျက်စေတဲ့အချက်နဲ့ အကျုံးဝင်၊ မဝင် စစ်ဆေးအရေးယူဖို့ တိုင်ကြားခံရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်လို့ ထိုင်းအခြေခံဥပဒေတရားရုံးက ခုံတရားသူကြီးတွေဟာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၂ နာရီလောက်ကစပြီး ဖတ်ကြားစီရင်ခဲ့ပါတယ်။
ခုံသမာဓိတရားသူကြီး ၉ ဦးက ပြဋ္ဌာန်းချက်တွေ ပြန်လည်ဖတ်ကြားပြီး မည်သူမဆို တော်ဝင်နန်းတွင်းဆိုင်ရာအခြေခံ ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားတာဟာ ဘုရင့်စည်းမျဉ်းခံ ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြိုပျက်စေနိုင်တဲ့ အချက်ထဲမှာ အကျုံးဝင်တယ်လို့ ဆုံးဖြတ်ပါတယ်။
Future Forward ပါတီအနေနဲ့ ပုဒ်မ ၁၁၂ နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောခြင်း၊ ရေးသားထုတ်ဝေခြင်း၊ ကြော်ငြာခြင်း ဝေဖန်သုံးသပ်ခြင်းတွေကို ရပ်တန်းက ရပ်ဖို့လည်း ခုံတရားသူကြီးအဖွဲ့က သတိပေးလိုက်ပါတယ်။
ပါတီကို ဖျက်သိမ်းဖို့တော့ စီရင်ချက်မချပါဘူး။ ဒါပေမဲ့ သူတို့ပါတီဟာ ပါတီ အောင်နိုင်ရေးအတွက် ပုဒ်မ ၁၁၂ ပြင်ဆင်မယ့်အချက်ကို အသုံးချပြီး မဲဆွယ်ခဲ့တဲ့နဲ့ ပတ်သက်ပြီး ပါတီဝင် ၄၀ ကျော်က လက်မှတ်ရေးထိုးပြီး လွှတ်တော်ကိုအဆိုပြုခဲ့တဲ့အပေါ် မကျေနပ်လို့ တိုင်ကြားသူရှိရင်တော့ အမှုကို ပြန်လည်စီရင်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။