ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာရှိနေတဲ့ အီရန်ပစ်မှတ်အများအပြားကို တိုက်ခိုက်သွားဖို့ အစီအစဉ်ကို အမေရိကန် အတည်ပြုလိုက်ပြီလို့ CBS ရုပ်သံက ဖော်ပြပါတယ်။
တိုက်ခိုက်မှုတွေကို ရက်ရှည်လုပ်သွားမှာဖြစ်ပြီး ဘယ်အချိန်လုပ်မယ်ဆိုတာက ရာသီဥတုအပေါ် မူတည်တယ်လို့ ဆိုပါတယ်။
ဆီးရီးယားနယ်စပ် ဂျော်ဒန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန် ထောက်ပို့စခန်းတခု လူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရအပြီး အမေရိကန်စစ်သားသုံးဦး သေဆုံးခဲ့တဲ့အတွက် အခုလို တုံ့ပြန်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို အီရန်က ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအဖွဲ့တဖွဲ့က လုပ်ဆောင်တာလို့ အမေရိကန်က ပြစ်တင်ထားပါတယ်။
အီရတ်အခြေစိုက် အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့ကို အီရန်တော်လှန်ရေးအစောင့်တပ်က လေ့ကျင့်၊ ထောက်ပံ့၊ လက်နက်တပ်ဆင်ပေးထားတာလို့ ယူဆရပါတယ်။
ဒီအဖွဲ့ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ အတည်ပြုထားပါတယ်။
တာဝါ ၂၂ လို့ ထင်ရှားတဲ့ အမေရိကန် ထောက်ပို့စခန်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်စစ်သည် ၄၀ ကျော်ပါ ဒဏ်ရာရခဲ့တာပါ။
တိုက်ခိုက်ရာမှာသုံးတဲ့ ဒရုန်းကို အီရန်က ထုတ်လုပ်တာဖြစ်ပြီး ယူကရိန်းကို ကျူးကျော်ချိန်မှာ ရုရှားနိုင်ငံသုံးဖို့အတွက် အလားတူဒရုန်းတွေ အီရန်က ပေးပို့ဖူးတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်အစိုးရဟာ ဒီကိစ္စမှာ စစ်ရေးအရ ချက်ချင်း မတုန့်ပြန်နိုင်သေးဘဲ နှေးကွေးနေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခံနေရပါတယ်။
ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာတော့ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင် က “ကျနော်တို့ရွေးတဲ့နေရာ ကျနော်တို့ရွေးတဲ့အချိန်မှာ ကျနော်တို့ ရွေးထားတဲ့နည်းလမ်းနဲ့ တုံ့ပြန်သွားမယ်” လို့ပဲ ဖြေကြားထားပါတယ်။
Source/Photo-Reuters