ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက် မနက် ၇ နာရီက မတူပီမြို့ ခလရ ၃၀၄ တပ်ကနေ ကျေးရွာတွေဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်က မီးရှို့ခဲ့တာဖြစ်ပါတယ်။
မီးရှို့ခံရတာကြောင့် ချန်းပြန်းရွာက လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မတူပီဒေသခံတဦးက “စစ်ကြောင်းက မနေ့က မတူပီမြို့ထဲက ဆင်းလာတာ၊ CDF တွေနေတဲ့ နေရာတွေ ရှာနေတယ်။ လူနေအိမ်တွေကိုလည်း မီးရှို့တယ်။ မနက် ၈ နာရီကျော်အထိ လောင်နေတုန်းပဲ။ အဝေးကလှမ်းကြည့်တော့ အိမ်အတိအကျ မသိရသေးဘူး။ ဆမီးနဲ့ ထယ်ဘွေးဘက်က ထွက်ပြေးတဲ့ စစ်သားတွေများလို့ ရွာဘက်ကို စစ်ကြောင်းထိုးတာ” လို့ ပြောပါတယ်။
ချန်းပြန်းကျေးရွာဟာ မတူပီမြို့နဲ့ ၆ မိုင်လောက်ဝေးပြီး မင်းတပ်-မတူပီ ကားလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း ချင်းပြည်နယ် ဒိုင်ရ်ဒေသမှာ စခန်းသိမ်းတိုက်ပွဲတွေထဲက ထွက်ပြေးလာတဲ့ ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို CDF-Daai က ဖမ်းမိခဲ့ပါတယ်။