မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ နျူးကလီးယား လက်နက်တွေဟာ ရုရှားဆီ ချိန်ရွယ်ထားတဲ့ တခုတည်းသော လက်နက်တိုက်အဖြစ် ရုရှားက ယူဆတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်က ဇန်နဝါရီ ၃၀ မှာ ပြောလိုက်ပါတယ်။
ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး မာမာဒူ တန်ဂါရာနဲ့ ရုရှားမြို့တော် မော်စကိုမှာ တွေ့ဆုံချိန် ခုလို ပြောလိုက်တာပါ။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နျူလက်နက်တွေအကြောင်း ပြောဆိုရာမှာ ရုရှားက သူ့ကို ရည်ရွယ်တဲ့ မဟာမိတ်တပ်ပေါင်းစုရဲ့ တခုတည်းသော လက်နက်တိုက်တခုအဖြစ် ယူဆတယ်လို့ သူက ပြောလိုက်တာလည်း ဖြစ်ပါတယ်။
လာ့ဗ်ရော့ဗ်နဲ့ တန်ဂါရာတို့ဟာ နှစ်နိုင်ငံ သံတမန်ရေးရာ ဝန်ဆောင်မှုတွေ ဆွေးနွေးညှိနှိုင်းရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) က ဝန်ထမ်းတချို့ကို ဂါဇာစစ်ပွဲ ဖြစ်ပွားစေခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ စီးနင်းမှုအတွင်း ပြန်ပေးဆွဲမှုနဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းရာမှာ လာ့ဗ်ရော့ဗ်က အဖြစ်မှန်ကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတရပ် လုပ်သင့်တယ်လို့ ဖြေဆိုခဲ့ပါတယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေ ပေးနေတဲ့ UNRWA အပေါ် စုပေါင်းပြစ်ဒဏ်ချမှတ်တဲ့ အယူအဆကို သူက ပယ်ချခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS) ကနေ နုတ်ထွက်တာနဲ့ ပတ်သက်ပြီး ဘာကီးနားဖားဆို၊ နိုင်ဂျာနဲ့ မာလီနိုင်ငံတို့ရဲ့ မကြာသေးမီက ကြေညာချက်တွေကို မျှော်လင့်ထားပြီးသားမို့ မအံ့ဩဘူးလို့ တန်ဂါရာက ဝန်ခံခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေဟာ တွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် အကျပ်အတည်းကို ဖြေရှင်းနိုင်ပြီး “ဒီမိသားစုကြီး” ကို ထိန်းသိမ်းနိုင်လိမ့်ဖို့ မျှော်လင့်တယ်လို့လည်း တန်ဂါရာက ပြောခဲ့ပါတယ်။
Source/Photo-Reuters