ဂါဇာကမ်းမြောင်ကနေ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းမှာမဟုတ်သလို ပါလက်စတိုင်း လုံခြုံရေးအကျဉ်းသား ထောင်ပေါင်းများစွာကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဟားမတ်စ်နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေတချို့အပေါ် မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ဆန့်ကျင်တယ်လို့လည်း သူက ပြောပါတယ်။ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသက ဂျူးအခြေချနေထိုင်ရာ စုရပ်တခုမှာ နေတန်ယာဟုက ခုလိုပြောခဲ့တာပါ။
“အစ္စရေးကို လုံးဝ မခြိမ်းခြောက်မှာ သေချာတဲ့အထိ၊ ကျနော်တို့ရဲ့ ဓားစာခံတွေ အားလုံးကို ပြန်ရတဲ့အထိ ဟားမတ်စ်တွေကို နှိမ်နင်းသွားမယ်။ ဒီရည်မှန်းချက် အားလုံးကို မရသေးဘဲ စစ်ပွဲကို အတိုချုံးပြီး အဆုံးသတ်မှာ မဟုတ်ဘူး” လို့ သူ့မိန့်ခွန်းထဲမှာ နေတန်ယာဟုက ပြောခဲ့ပါတယ်။
အစ္စရေးစစ်ဦးစီးချုပ် ဟာဇီဟာလေဗီကလည်း ဂါဇာ၊ ယဟူဒါနဲ့ ဆာမားရီးယား လက်ဘနွန် ဒေသတွေက ဆေးရုံတွေကို အကြမ်းဖက်ဝါဒကို ကာကွယ်ပေးတဲ့ နေရာတခုအဖြစ် ခွင့်မပြုဖို့ ဆုံးဖြတ်ထားတယ်လို့ အစ္စရေးတပ်မှူးတွေနဲ့ အစည်းအဝေးအတွင်း ဇန်နဝါရီ ၃၀ ရက်က ပြောလိုက်ပါတယ်။
အစ္စရေးကွန်မန်ဒိုတွေက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ မွတ်စလင်အမျိုးသမီးတွေ အသွင်ယူပြီး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသက ဆေးရုံတရုံဆီ မနက်အစောပိုင်းမှာ ဝင်ရောက်ပြီး ပါလက်စတိုင်း စစ်သွေးကြွသုံးဦးကို သတ်ဖြတ်ခဲ့တယ်၊ သူတို့ထဲက တဦးက အိပ်ရာပေါ်မှာ လဲနေပြီလို့ မျက်မြင်သက်သေတွေနဲ့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အနောက်ဘက်ကမ်းဒေသထဲက အတည်ငြိမ်ဆုံးမြို့တွေထဲက တခုဖြစ်တဲ့ ဂျနင်းမြို့က အီဘန်စီနာဆေးရုံမှာ စစ်တပ်၊ ရှင်းဘတ် လုံခြုံရေးဌာနနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားတဲ့ လျှို့ဝှက်စစ်ဆင်ရေးမှာ စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးမှုတွေကို အတည်ပြုခဲ့ပြီး ကျန်းမာရေးဌာနတွေအတွက် အကာအကွယ် အာမခံချက်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။
“ဒီသိမ်းပိုက်မှုက ဆေးရုံတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်တွေ ကျူးလွန်နေတယ်” လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဟားမတ်စ် ဦးဆောင်တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး အစ္စရေးက ဂါဇာကို လက်တုံ့ပြန် ကျူးကျော်ဝင်ရောက်မှု နောက်ပိုင်း အနောက်ဘက်ကမ်းမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာမှာ မနက်အစောပိုင်းက စစ်ဆင်ရေးဟာ ပြင်းထန်တဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။
Source/Photo-Reuters