Home
မြန်မာသတင်း
ပုလောမြို့နယ်ရှိ မီးလောင်ချောင်းစခန်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်
DVB
·
January 31, 2024
Pu 3112024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းတိုက်ပွဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပြီး အရပ်သားသေဆုံးမှုတွေပါ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက် မနက် ၅ နာရီမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးလောင်ချောင်းရှိ ပျူစောထီး ၁၅ ဦးဝန်းကျင်နဲ့ စစ်ကောင်စီတပ်သား ၅ ဦး စုစုပေါင်း အင်အား ၂၀ ဝန်းကျင်လောက်ရှိတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က မီးလောင်ချောင်းစခန်းကို သိမ်းနိုင်ခဲ့ပြီးချိန် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးနှစ်လုံးချတဲ့အပြင် ပလမြို့ဘက်ကနေပြီး လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲဝင် ရဲဘော်တဦးက ပြောပါတယ်။

“ကျနော်တို့ စခန်းကိုရော အုပ်ချုပ်ရေးမှူးအိမ်ရော ဝင်စီးပြီးပြီ။ ထွက်ပြေးသွားတဲ့ ပျူစောထီးတွေရော ရှိသေးတယ်။ ပြီးမှ သူတို့ဘက်က လေကြောင်းနဲ့ရော လက်နက်ကြီး ပစ်ကူနဲ့ရော ပြန်လည်ပစ်ခတ်လို့ ပြန်ဆုတ်လာရတယ်။”

အဆိုပါတိုက်ပွဲမှာ ပျူစောထီး ၅ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် တပိုရွာက အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ခရီးသည်ယာဉ်မောင်းတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ မီးလောင်ချောင်းရွာမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် မီးလောင်ချောင်းရှိ အရပ်သားတွေနဲ့ အဲဒီရွာအနီး ကြဲရွာရှိ အရပ်သားတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024