စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်းသူရဲ့ မိသားစုက ဒီဗွီဘီကို ပြောပါတယ်။
မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က ပဲခူးတိုင်း ညောင်ခါးရှည်ဂိတ်မှာ ဇန်နဝါရီ ၂၉ ရက်၊ ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်အထိ မိသားစုကို အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
မနိုဘယ်လ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က “ကျနော့်အစ်မက ကျန်းမာရေး အခြေအနေလည်း မကောင်းဘူး။ သူက အမျိုးသမီးနဲ့ပတ်သက်တဲ့ ရောဂါလည်း ခံစားနေရတယ်ဆိုတဲ့ဟာ သိထားတယ်။ သူ့ကို ကျန်းမာရေးစစ်ဆေးပေးဖို့အထိ မောင်နှမတွေ ပြောထားကြတာလည်း ရှိတယ်။ ပြီးတော့ ဒီလပိုင်းမှာ သူက အကိုက်အခဲပျောက်ဆေးတွေ နေ့စဉ်သုံးစွဲနေရတယ်။ အဲတော့ သူ့ကို ညှဉ်းပန်းနှိပ်စက်တဲ့ အနေအထားမျိုးတွေ ဖြစ်တဲ့အခါ အသက်အန္တရာယ် ထိခိုက်သွားမှာ ကျနော်တို့ အရမ်းစိုးရိမ်နေပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တခုမှာတော့ လက်နက်တွေဝှက်သယ်ဆောင်လာကြောင်း သတင်းရလို့ လုံခြုံရေးအဖွဲ့တွေက ပဲခူးမြို့အဝင်မှာ မော်တော်ကားတစီးကို စစ်ဆေးရာ နနွင်းအိတ်နဲ့ ဝှက်သယ်လာတဲ့ စနိုက်ပါ တလက်၊ အမ် (၁၆) သေနတ်တလက်၊ ပစ္စတို တလက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ် သိမ်းဆည်းရမိတယ်ဆိုပြီး မနိုဘယ်အေးကို နောက်ထပ်လူတယောက်နဲ့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
ကိုထက်မြက်ကတော့ ဘယ်လိုအခြေအနေကြောင့် တယ်လီဂရမ်တွေကနေ ဒီလိုရေးတင်လဲ ဆိုတာ မသိကြောင်းနဲ့ မနိုဘယ်လ်အေးကို ဖမ်းဆီးထားတယ် ဆိုတာကိုတော့ အသေအချာ သိထားကြောင်း ပြောပါတယ်။ ဒီဗွီဘီအနေနဲ့လည်း ဒီလက်နက်တွေနဲ့ပတ်သက်လို့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။
မနိုဘယ်လ်အေးဟာ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ် ၄၂ နှစ် ကျခံရဖူးပြီး ၂၀၀၇ ခုနှစ် လောင်စာဆီကိစ္စမှာလည်း ထပ်ပြီး အကျဉ်းချခံရဖူးတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက်လည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ အခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅,၉၂၆ ဦးရှိပြီး အဲဒီထဲက ၁၉,၉၈၈ ဦးဟာ ထိန်းသိမ်းခံနေရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။