ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ ပုဇွန်မြောင်းကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီ ခမရ ၂၀ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ရပ်ဆိုင်းထားတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက် ညကစပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ ဖြတ်သန်းမောင်းနှင်နေတဲ့ အမြန်ရထားကို ညောင်လးပင်မြို့မှာ ရပ်နားလိုက်ပြီး ခရီးသွားပြည်သူတွေ တောင်ငူမြို့ကို လိုင်းကားနဲ့ ပြောင်းလဲစီးနင်း ခရီးဆက်ရတယ်လို့ ဆိုပါတယ်။
ခရီးသွားပြည်သူတဦးက “မနက် ၅ နာရီ ရန်ကုန်ကနေထွက်လာတဲ့ ရထား၊ ညောင်လေးပင်ရောက်တော့ တိုက်ပွဲတွေရှိတယ်ဆိုပြီး ရထားရပ်လိုက်ပြီး ကားတွေနဲ့ တောင်ငူဂိတ်ကို ပို့ပေးနေတာ။ အဝေးပြေးကားတွေနဲ့ပဲ ခရီးဆက်ရတော့မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဝေးပြေးလမ်းမကြီးပေါ်မှာ ခရီးသွားပြည်သူတွေကို အစစ်အဆေး တင်းကျပ်ထားတာနဲ့ ကားလက်မှတ်ခဈေးနှုန်း မြင့်တက်နေတဲ့အတွက် ရထားလမ်းကြောင်းကိုသာ အဓိကထား အသုံးပြုရတဲ့အတွက် အခုလို ရထားလမ်းကြောင်း လမ်းမှာပဲ ရပ်နားလိုက်ပြီး တာဝန်ယူ ဖြေရှင်းမပေးတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ ဆိုပါတယ်။
“လမ်းမှာတင် ခရီးကိုရပ်လိုက်ပြီး ဘယ်အချိန်ထိစောင့်ရမယ်၊ ဘယ်အချိန်မှာ ပြန်ထွက်မယ် ဆိုတာကို မီးရထားဝန်ထမ်းတွေက မပြောဘူး။ တိုက်ပွဲဖြစ်နေတယ်၊ ရထားဆက်ထွက်လို့ မရတော့ဘူး၊ ကားနဲ့သာဆက်သွားတော့လို့ ပြောပြီး ရထားပေါ်က ဆင်းခိုင်းတာ။”
ရထားနဲ့လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေ အဝေးပြေးကားတွေနဲ့ ခရီးဆက်ရမှာဖြစ်ပြီး ကုန်ပါလာသူတွေကတော့ ဘူတာရုံမှာသာ နေထိုင်ပြီး ရထားပြန်ထွက်မှသာ ခရီးဆက်မယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲမဖြစ်ဘဲ ညောင်လေးပင်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေတာဖြစ်ပြီး ဇန်နဝါရီ ၃ ရက်ကလည်း လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။