ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနဲ့ ဇနီးသည် ဘူရှရာ ဘီဘီတို့ကို နိုင်ငံတော်လက်ဆောင်ပစ္စည်းတွေ တရားမဝင်ရောင်းချမှုနဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ထောင်ဒဏ် ၁၄ နှစ်စီ ထပ်မံချမှတ်လိုက်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင် ၁၀ နှစ်ချပြီး နောက်တရက်အကြာမှာ နောက်တမှုနဲ့ ထပ်ချခဲ့တာဖြစ်ပြီး ဇနီးသည်ပါ အမှုတွဲမှာ ပါဝင်လာခဲ့တာပါ။ ဒါ့အပြင် အစိုးရရာထူးတာဝန် ရယူခြင်းကနေလည်း ၁၀ နှစ် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
“တစစီ ဖြိုဖျက်ခံနေရတဲ့ ကျနော်တို့ တရားစီရင်ရေးစနစ်အတွက် နောက်ထပ် ဝမ်းနည်းစရာ နေ့ရက်တခုပါ။ ပြန်လှန်စစ်မေးခွင့်လည်း မပေးပါဘူး။ အပြီးသတ်လျှောက်လဲချက်ကလည်း တင်ပြခွင့်မရခဲ့ဘူး။ စီရင်ချက်က ကြိုဇာတ်တိုက်ထားသလို ဘွားခနဲပေါ်လာပါတယ်” လို့ ဝန်ကြီးချုပ်ဟောင်းရဲ့ PTI ပါတီက ထုတ်ပြန်ပါတယ်။ ဒီအဓိပ္ပာယ်မရှိတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ၂၀၁၈ ကနေ ၂၀၂၂ အတွင်း ခန်း ဝန်ကြီးချုပ်တာဝန် ယူစဉ်က လက်ခံရရှိခဲ့တဲ့ နိုင်ငံတော်ပိုင်လို့ သတ်မှတ်နိုင်တဲ့ ရူပီးသန်း ၁၄၀ (ဒေါ်လာ ငါးသိန်း) တန် လက်ဆောင်တွေကို ရောင်းချခဲ့မှုအတွက် ထောင်သုံးနှစ် ချပြီးဖြစ်ပါတယ်။
အခုစီရင်ချက်လည်း ဒီကိစ္စအတွက်ပဲ နောက်တမှုဖြစ်ပြီး အခုက ပါကစ္စတန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (NAB) က စုံစမ်းစစ်ဆေးအပြီး ထပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။ ဒီအမှုမှာ ဇနီးသည်ကိုပါ ထည့်စွဲခံရတာ ဖြစ်ပါတယ်။
ခန်းကတော့ ဒီလက်ဆောင်တွေကို သူ တရားဝင်ပြန်ဝယ်ခဲ့တာ ဖြစ်တယ်လို့ ချေပထားပါတယ်။
ကနဦးချထားတဲ့ ထောင်သုံးနှစ်ကို ဆိုင်းငံ့လိုက်ပေမဲ့ တခြားအမှုတွေနဲ့ပတ်သက်ပြီး ခန်းကို ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters