မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းခဲ့ရတဲ့ တိုင်းပြည်စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ ကြိုးစားဖို့ အရပ်သားအစိုးရက အရှိန်ယူနေဆဲမှာပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အဓမ္မ အာဏာသိမ်းလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံထဲ လာရောက်ရင်းနှီးလုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီ အမြောက်အမြား လုပ်ငန်းရုပ်သိမ်းကုန်လို့ ပြည်တွင်းမှာ အလုပ်အကိုင်တွေရှားပါး အလုပ်လက်မဲ့တွေ ပိုများပြားလာပါတယ်။
တိုင်းပြည်စီးပွားရေးဟာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လွဲမှားတဲ့ မူဝါဒတွေ၊ ညံဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ အပြောင်းအလဲ အမျိုးမျိုး၊ အတားအဆီး ပိတ်ပင်မှုအမျိုးမျိုး၊ ဌာနဆိုင်ရာ အသီးသီးမှာ စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် ကမ္ဘာ့ ဘဏ်က ခန့်မှန်းတွက်ချက်မလုပ်နိုင်တော့ထဲအထိ အနုတ်လက္ခဏာပြပြီး အဆိုးရွားဆုံးအခြေအနေ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး နယ်စပ်ကုန်သွယ်ရေးအပါအဝင် ရောင်းဝယ်ဖောက်ကားမှုတွေ ထိခိုက် ကျဆင်းလာပါတယ်။ တချို့ဒေသတွေမှာတော့ တိုက်ပွဲတွေကြား နေအိမ်တွေ ပျက်စီးမီးလောင်သွားလို့ နေစရာမရှိတော့တာ၊ တချို့က ရွာထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်နေထိုင်တာကြောင့် မပြန်ရဲတော့ဘဲ ဒုက္ခသည်စခန်းကနေ နေရာသစ်ကို ရှာဖွေလာကြပါတော့တယ်။
အဲဒီလို ပြည်တွင်းအခြေအနေ အဘက်ဘက်က ဝရုန်းသုန်းကား ဖြစ်လာတာကြောင့် အိမ်နီးချင်း ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။
အထူးသဖြင့် အလုပ်အကိုင်ပေါတဲ့၊ လုပ်အားခပိုရတဲ့၊ မြန်မာနိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲကို အမြောက်အမြား ဝင်ရောက်လုပ်ကိုင်လာကြပါတယ်။ အဲဒီလို ဝင်ရောက်ကြရာမှာ အများအားဖြင့် တရားမဝင် ဝင်ရောက်သူတွေက တရားဝင် အမ်အိုယူ (နှစ်နိုင်ငံသဘောတူစာချုပ်) နဲ့ ဝင်ရောက်သူထက် ပိုမိုများပြားနေပါတယ်။
ဒါကြောင့် အဖမ်းခံရတာတွေ၊ ပွဲစားတွေရဲ့ အလိမ်ခံရတာ၊ ရဲလိုက်ဖမ်းတာကို ထွက်ပြေးရင်း ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ပွား သေဆုံးဒဏ်ရာရတာ၊ ထိုင်းနိုင်ငံထဲရောက်တော့လည်း လက်မှတ်မရှိတော့ ပုန်းရှိုးပုန်းကွယ် နေထိုင်လုပ်ကိုင်ရပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေ ရှိနေပါတယ်။
အဲလိုအဖြစ်မျိုးတွေ မကြာခဏ ဖြစ်ပျက်နေပြီး လောလောလတ်လတ် ဒီနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဆိုရင် ဘန်ကောက်မှာ တရားမဝင် မြန်မာလုပ်သား တယောက် အပိုင်းပိုင်းခုတ်ထစ်ပြီး အအေးသေတ္တာထဲ ထည့်ခံထားရပါတယ်။ သူ့ရဲ့အပေါင်းအဖော် ၅ ယောက်ရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ ထိုင်းနိုင်ငံမှာ ၁ လ ဘတ် ၂,၅၀၀ ရမယ့်အလုပ် ရှိတယ်လို့ ပွဲစားက ပြောတာကြောင့် ၁ ဦးကို ဘတ် ၂၀,၀၀၀ အကုန်ခံပြီး ထိုင်းကိုရောက်လာတယ်၊ ဘန်ကောက်ရောက်တော့ အလုပ်သွင်းမပေးဘဲ ၃ ထပ်တိုက်ခန်းမှာ လှောင်ထားကြောင်း၊ သေဆုံးသူက အလိမ်ခံရတာကို မကျေနပ်လို့ ပွဲစားနဲ့ အချေအတင် စကားများရာက အသတ်ခံရတာလို့ ယူဆတယ်လို့ ဆိုပါတယ်။ အဆိုပါ အိန္ဒိယနိုင်ငံသား ပွဲစား နှစ်ယောက် ကတော့ ထိုင်းနိုင်ငံက ထွက်ခွာသွားပြီဖြစ်ပြီး သူတို့ကို ဖမ်းဆီးစစ်ဆေးဖို့ ထိုင်းရဲတွေက အိန္ဒိယရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို အမ်အိုယူစနစ်နဲ့ တရားဝင်လမ်းကြောင်းက ဝင်ရောက်လို့ ရပါလျက်နဲ့ တရားမဝင် ဝင်ရောက်မှု ပိုများနေရတာဟာ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးကြန့်ကြာတာ၊ ပွဲစားတွေရဲ့ အလိမ်ခံရမှုတွေ များတာ၊ နှစ်နိုင်ငံအစိုးရက ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်တာတွေကြောင့် ဖြစ်တယ်လို့ မဟာချိုင်အခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“MOU စနစ်မှာ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးတယ်။ အချိန်အကြာကြီး စောင့်ရတယ်။ အဲဒါကြောင့် နားလည်တဲ့ပွဲစားတွေနဲ့ လုပ်ကြတယ်။ ဒါပေမဲ့ အလိမ်ခံရတာတွေရှိတယ်။ MOU နဲ့ သွားမယ့်လူ ၁,၀၀၀ ဆိုရင် ၅၀၀ လောက်က အလိမ်ခံနေရတယ်။ နယ်ပွဲစား၊ ရွာပွဲစား၊ တဆင့်ခံပွဲစားတွေကလည်း များတယ်။ ပြည်တွင်းမှာလည်း အလိမ်ခံရတယ်၊ ထိုင်းရောက်တော့လည်း အလိမ်ခံရတယ်။ ထိုင်းမှာ တကယ်အလုပ်မရှိသေးဘဲနဲ့ demand letter အတုလုပ်ပြီး ခေါ်တယ်။ ဒီရောက်တော့ အလုပ်မရှိ၊ လက်ထဲ ပိုက်ဆံတွေပြတ်၊ တချို့အလုပ်ကလည်း အချိန်ပိုင်းတွေ၊ ပုတ်ပြတ်တွေ၊ ခနလေးလုပ်ပြီး အလုပ်လက်မဲ့ ဖြစ်ရပြန်ရော။ စာချုပ်ထဲက အလုပ်နဲ့ တကယ်လုပ်ရတဲ့ အလုပ်က တလွဲတွေ။ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရရင် ပွဲစားတွေက တာဝန်မယူဘူး။ MOU စနစ်က တရားဝင် လူကုန်ကူးတဲ့စနစ်လို ဖြစ်နေတယ်။ အဲဒီတော့ အောက်လမ်းကနေပဲ လမ်းစရိတ် ဘတ် ၂၀,၀၀၀-၃၀,၀၀၀ အကုန်ခံပြီး ထိုင်းမှာ ရရာအလုပ်ဝင်လုပ်ကြတာမှာ တရားမဝင် အလုပ်သမားတွေက ပိုများလာတယ်။”
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူတွေ ဖမ်းဆီးခံရတဲ့သတင်းက နေ့တိုင်းလိုရှိနေကြောင်း၊ လက်လှမ်းမီသမျှ အချက်အလက်အရဆိုရင် ၂၀၂၁ မှ ၂၀၂၃ ခုနှစ်ထိ တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားပေါင်း ၇၅,၀၀၀ ခန့်ရှိမယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။
“တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အဖမ်းခံရတာက MIG အဖွဲ့ရဲ့ စစ်တမ်းအရ ၂၀၂၁ ကနေ ၂၀၂၂ အထိ ၆၀,၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းတယ်။ ၂၀၂၃ မှာ ၁ လပိုင်းကနေ ၉ လပိုင်းထိ ၁၀,၀၀၀ ရှိမယ်လို့ ဆိုတယ်။ အဲဒီတော့ အာဏာသိမ်းပြီးကတည်းကနေ ဒီ ၂၀၂၄ နှစ်ဆန်းအထိ ဆိုရင် ၇၅,၀၀၀ လောက် အဖမ်းခံရနိုင်တယ်လို့ ကျနော်ခန့်မှန်းပါတယ်။ ပြစ်ဒဏ်ပေးပြီး ပြည်နှင်ဒဏ်ခံရတာက ၂၀၂၁ ကနေ ၂၀၂၃ ထိ ၂၀,၀၀၀ လောက်ရှိမယ်။ ထိုင်းတောင်ပိုင်းမှာဆို ပြစ်ဒဏ်ခံရပြီး လွတ်ရက်စေ့ပေမဲ့ ပြန်မပို့ဘဲ ရနောင်း လဝကအချုပ်ထဲမှာ လနဲ့ချီထားထားလို့ ဆန္ဒပြတာ တနှစ်ကို နှစ်ကြိမ်လောက်ရှိတယ်။”
ထိုင်းမှာ တရားမဝင် ဝင်ရောက်လာပြီး တရားဝင်လုပ်ခွင့်ရအောင် ထိုင်းအစိုးရက အခါအားလျော်စွာ မှတ်ပုံတင်ခွင့် ပြုခဲ့ပေမဲ့လည်း တရားမဝင် အလုပ်သမားတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ခုလို မှတ်ပုံမတင်နိုင်ကြတာနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း HRDF အဖွဲ့မှ စိုင်းကောင်းက ခုလိုပြောပါတယ်။
“လူသစ်အမည်စာရင်းကို အွန်လိုင်းပေါ်မှာ သွင်းရတယ်။ ကျနော်တို့သိတဲ့ အလုပ်သမား အများစုက အွန်လိုင်းမသုံးတတ်ဘူး၊ ထိုင်းစာ အင်္ဂလိပ်စာ မတတ်ဘူး၊ မှတ်ပုံတင်ခွင့်ပြုတဲ့ ကာလလည်း တိုတောင်းတယ်၊ အဲဒီတော့ ပွဲစားကိုပဲ လုပ်ခိုင်းရတယ်။ အွန်လိုင်းပေါ်မှာ ငွေတပြားမှ မကုန်ဘူး။ ပွဲစားကတော့ ၂,၀၀၀-၃,၀၀၀ ယူတယ်။ အမှန်က အလုပ်ရှင်က လုပ်ပေးရမှာ။ တချို့ ထိုင်းအလုပ်ရှင်တွေလည်း အင်တာနက် မသုံးတတ်ပါဘူး။ တချို့ကလည်း အလုပ်သမားကို လုပ်ပေးဖို့ စိတ်မဝင်စားဘူး။ သူတို့ကိုယ်တိုင်တောင် ပွဲစားလက် အပ်လိုက်တယ်။ ကိုယ့်ဘာကိုယ်လုပ်ရင် မှတ်ပုံတင်ကြေး၊ ဗီဇာကြေး၊ အလုပ်သမားကတ်၊ ကျန်းမာရေးဆေးစစ်တာ၊ အာမခံကတ်လုပ်တာ ၆,၀၀၀ ကျော်လောက်ပဲ ကျပေမဲ့ ပွဲစားနဲ့လုပ်ရင် ၁၅,၀၀၀-၂၀,၀၀၀ နီးပါးကုန်တယ်။ အလုပ်သမားရုံးကလည်း ခရိုင်တခုမှာ တနေရာပဲ လုပ်ပေးတော့ အဝေးကလူတွေ လမ်းစရိတ်၊ တည်းခိုစရိတ် ကုန်တယ်။ အလုပ်သမားရုံးကို ခနခန သွားလိုက်လာလိုက် ပိုက်ဆံကုန်၊ အလုပ်ပျက်လို့ မလုပ်ချင်ကြဘူး။ တချို့ကလည်း ရှိတဲ့ငွေက ထိုင်းကိုလာဖို့ ပွဲစားကိုပေးတာနဲ့ ကုန်ပြီ။ ဒီရောက်တော့ အလုပ်လည်း ရှာမရသေး၊ ဝင်ငွေလည်းမရှိလို့ သတ်မှတ်ထားတဲ့ကာလမှာ အလုပ်သမား မှတ်ပုံမတင်နိုင်ဘူး။ တချို့လည်း အလုပ်ရှင်ရှာမရတော့ မှတ်ပုံမတင်လိုက်ရဘူးလို့ ပြောတယ်။”
ချင်းမိုင်အခြေစိုက် MAP Foundation မက်ပ်ဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ထောင်းန်ခမ်း ကလည်း ရှမ်းမြောက်ဒေသ ၁၀၂၇ အော်ပရေးရှင်း တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာတွေ ပိုများလာတယ်လို့ ပြောပါတယ်။
“ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်တော့ ဝင်လာတဲ့လူ နေ့တိုင်းရှိတယ်။ တချို့က ယာယီ နယ်စပ်ဖြတ်လက်မှတ်နဲ့ ဝင်လာတာ။ တချို့က တောလမ်းကနေလာတာ။ သူတို့လာတဲ့အချိန် ထိုင်းမှာ တရားမဝင် အလုပ်သမား မှတ်ပုံတင်ခွင့်ပြုတဲ့ရက်က ကုန်သွားပြီ။ တချို့ပွဲစားတွေက လုပ်လို့ရပါတယ်ဆိုပြီး ငွေ ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ထိတောင်းပြီး လုပ်ပေးတာတော့ ရှိတာပေါ့၊ အစစ်လား အတုလားတော့ မသိဘူးပေါ့။”
ထိုင်းနိုင်ငံ Media Intelligence Group ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလထုတ် စစ်တမ်းမှာတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားရော၊ အခြားကိစ္စတွေနဲ့ပါ မြန်မာနိုင်ငံသားပေါင်း ၆ သန်း ၈ သိန်းကျော် ဝင်ရောက်နေထိုင်နေပြီး တရားဝင်မှတ်ပုံတင်နဲ့ နေထိုင်သူမှာ ၁ သန်း ၈ သိန်းကျော်သာ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း ၂၀၂၃ ခုနှစ်ထဲမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း အမည်စာရင်းတင်သွင်းခွင့် ပြုခဲ့ပေမဲ့ စာရင်းကောက်ထားတဲ့ တရားဝင်လုပ်သားဦးရေ ၃၅၃,၇၇၆ ဦးထဲမှာ ၂၈၉,၃၀၄ ဦးသာ အမည်တင်ထားပြီး ၆၄,၄၇၂ ဦး တရားဝင်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
အလုပ်သမားတွေဟာ အထောက်အထားမရှိတော့ ကျန်းမာရေးစောင့်ရှောက်မှု၊ မတော်တဆ ထိခိုက်မှုနဲ့ အခြားအလုပ်သမားခံစားခွင့်တွေ မရကြဘူးလို့ အလုပ်သမားကူညီရေး အဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ မိမိပညာနဲ့ ထိုက်တန်တဲ့ အလုပ်ကို လုပ်ခွင့်မရှိဘဲ အန္တရာယ်ရှိတဲ့၊ ညစ်ပတ်တဲ့၊ ခက်ခဲတဲ့၊ ခွဲခြားဆက်ဆံခံရတဲ့ 4 D (Dirty, Dangerous, Difficult and Discriminatory) အိမ်ဖော်၊ ဆောက်လုပ်ရေး၊ ပန်းရံ၊ စိုက်ပျိုးမွေးမြူရေးခြံ၊ စက်ရုံအလုပ်ရုံ၊ ငါးဖမ်း၊ ငါးပုစွန်ရွေး၊ ရေလုပ်ငန်း အစရှိတဲ့ အောက်ခြေသိမ်းအလုပ်တွေသာ လုပ်ကိုင်ခွင့် ရှိကြပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရားမဝင်အလုပ်သမားတွေ လှိမ့်ဝင်လာလို့ အလုပ်ရှင်တွေကလည်း လုပ်အားခ ဈေးပေါပေါနဲ့ ငှားရမ်းကြောင်း၊ ထိုင်းအစိုးရရဲ့ ဝန်ဆောင်မှုကလည်း ပိုညံ့ဖျင်းလာတယ်၊ အလုပ်သမားတွေဟာလည်း ပိုပြီးတော့ နှိမ့်ချဆက်ဆံတာ ခံလာရတယ်၊ တရားဝင်စာရွက်စာတမ်းနဲ့ လာပြီးအလုပ်လုပ်တဲ့သူတွေ ကျတော့လည်း စစ်ကောင်စီအစိုးရကို လစာရဲ့ ၂ ရာခိုင်နှုန်း အခွန်ပြန်ဆောင်ဖို့၊ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ခံဌာနရဲ့ ဘဏ်စနစ်ကပဲ လွှဲရမယ်လို့ အကျပ်ကိုင်လာတယ်၊ အလုပ်သမားတွေက သူတို့ကို ဒီဘဝရောက်အောင် လုပ်တဲ့ စစ်ကောင်စီကို သူတို့ချွေးနှဲစာနဲ့ ပြန်ထောက်ပံ့ဖို့ မနှစ်မြို့ကြဘူး၊ ဒါပေမဲ့ ကိုယ့်စာရွက်စာတမ်း အချက်အလက်က သူတို့ဆီမှာ စာရင်းရှိနေတော့ စာရွက်စာတမ်း သုံ့ပန်းနဲ့ အချည်ခံထားရသလို ဖြစ်နေတယ်လို့ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
မြန်မာပြည်သူပြည်သားတွေဟာ ပြည်တွင်းမှာလည်း အဆင်မပြေ၊ ပြည်ပမှာလည်း ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာဟာ အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ကို အညွန့်ချိုးခဲ့တာကြောင့်လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့နိုင်ငံဟာ စစ်အစိုးရ မအုပ်ချုပ်ဘူးဆိုရင်၊ ၂၀၂၁ အာဏာမသိမ်းဘူးဆိုရင် ကျနော်တို့နိုင်ငံက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေပြီ။ ရှေ့ပြေးလက္ခဏာတွေ တွေ့နေရပြီ။ အဲဒီကာလမှာ အာဏာသိမ်းလိုက်တဲ့အခါကျတော့ ပြောရမယ်ဆိုရင် အရွယ်မရောက်သေးတဲ့ အပင်ပေါက်ကလေးကို အညွန့်ချိုးလိုက်သလို ဖြစ်သွားတယ်။ ဒီမိုကရေစီ အခွင့်အလမ်းသစ်တွေ တွေ့ကြုံနေရတဲ့ မြန်မာနိုင်ငံဆိုတဲ့ သစ်ပင်ငယ်လေးကို ပန်းကောင်းအညွန့်ချိုး လုပ်လိုက်တဲ့အတွက် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက အကုန်လုံး ချွတ်ခြုံကျခဲ့ရတယ်။ လူသားရင်းမြစ် ဆုံးရှုံးရတယ်ဆိုတဲ့ စကားနဲ့တောင် မတန်ပါဘူး။ ဘာလို့လဲဆို မြန်မာနိုင်ငံမှာနေရင်လည်းပဲ ဖိနှိပ်ညှဉ်းပန်း နှိပ်စက်မှုတွေ ရက်စက်မှုတွေကြားထဲမှာ ရှင်သန်နေရတာနဲ့ စာလိုက်ရင် ရေခြားမြေခြား ရွှေ့ပြောင်းလုပ်သားဘဝကမှ တော်ပါသေးတယ်လို့ပဲ ကောက်ချက်ချချင်တယ်။”
MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းကလည်း အဓိကတာဝန်အရှိဆုံးမှာ အာဏာသိမ်း စစ်ကောင်စီအစိုးရ ဖြစ်တယ်လို့ ပြောပါတယ်။
“အနီးစပ်ဆုံး ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသား လူငယ်လူရွယ်တွေ ပြေးဝင်ပြီးတော့ ရရာအလုပ်တွေ လုပ်နေရတာ ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးပြီးတော့ အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ စုတ်ပြတ်သတ်သွားပြီဖြစ်တဲ့ တိုင်းပြည်ရဲ့ အခြေအနေဆိုးကြောင့်သာ ဒီအဖြစ်အပျက်မျိုးတွေဖြစ်တာ။ တာဝန်အရှိဆုံးကတော့ အာဏာလုထားတဲ့ လက်ရှိ အကြမ်းဖက်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ပါ၊ သူ့မှာ တာဝန်အရှိဆုံးပဲ။”
“မိမိနိုင်ငံကောင်းမှသာ စီးပွားရေး အခွင့်အလမ်းတွေ ကောင်းမှသာ အလုပ်အကိုင် အခွင့်အလမ်း စက်ရုံ အလုပ်ရုံတွေ ပေါများမှသာလျှင် ဒီလို တိုင်းတပါးမှာ ကိုယ့်မြန်မာနိုင်ငံသားတွေ သူများနိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေကို သွားမလုပ်ရမှာ ဖြစ်တယ်။ အဲဒီတော့ အဓိကက ဒီ နွေဦးတော်လှန်ရေး အောင်မြင်ဖို့နဲ့ ကျနော်တို့နိုင်ငံကို စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတွေ အုပ်ချုပ်ပြီးတော့ တိုင်းပြည်အနေနဲ့ စီးပွားရေးလမ်းကြောင်းတွေ ကောင်းဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများဖို့ ဖြစ်တယ်။ ဒီလိုသာဖြစ်ရင် နိုင်ငံထဲက လူငယ်လူရွယ်တွေဟာ ပြည်ပကို ထွက်ခွာ အလုပ်လုပ်စရာ အကြောင်းမရှိပါဘူး” လို့ ကိုရဲမင်းက ပြောသွားပါတယ်။
စစ်အာဏာရှင်တွေ အဓမ္မအုပ်ချုပ်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း တိုင်းပြည်စီးပွားရေးဟာ အာဆီယံ ဒေသတွင်းမှာ အဆိုးရွားဆုံး နလန်မထူနိုင်အောင် ချွတ်ခြုံကျသွားခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေနည်းပါး ဆင်းရဲမွဲတေ အလုပ်လက်မဲ့တွေ ပေါများလာပါတယ်။
အနာဂတ် ပျောက်နေကြတဲ့ လူငယ်လူရွယ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခမျိုးစုံခံ ဖိနှိပ်ခံ ဘဝနဲ့ ကျီးလန့်စာစား နေထိုင်နေကြရတဲ့ မြန်မာပြည်သူတွေကတော့ နွေဦးတော်လှန်ရေး အလင်းရောင်ကို မျှော်လင့်ရင်း စစ်အာဏာရှင်လက်က လွတ်မြောက်ပြီး တိုင်းပြည်လူမှုစီးပွားတွေ ပြန်လည်နိုးထလာမယ့် နေ့ရက်တွေကို စောင့်မျှော်နေကြပါတယ်။