ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ရန်ကုန်ဘက်မှ မန္တလေးဘက်ကို ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ရထားတစင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ ဘာဘူကုန်းကျေးရွာအနီးမှာ ဒီနေ့မနက် ၈ နာရီခန့်က မီးရထားသံလမ်းကြေးနန်း မိုင်တိုင်အမှတ် ၁၀၃/၁၂ နဲ့ ၁၀၃/၁၃ ကြားရှိ မီးရထားသံလမ်းကို တော်လှန်ရေးအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ရာ ကုန်တင်ရထား လမ်းချော်ခဲ့တယ်လို့ ဟာရီးကျေးရွာနေသူတဦးက ပြောပါတယ်။
“အမှတ် ၉၀၁ ကုန်တင်အဆန်ရထား လမ်းချော်သွားတာပါ။ စစ်တပ်က ရိက္ခာနဲ့ လက်နက်တွေ တင်လာတာဆိုပြီး တော်လှန်ရေးအဖွဲ့က ဖောက်ခွဲတာလို့ ကြားတယ်။ ကြီးကြီးမားမားတော့ မဖြစ်သွားဘူး။ ပေါက်ကွဲသံကြားကြားချင်းတော့ လန့်သွားတာပေါ့။”
ကုန်တင်ရထား မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အမှတ် ၉၀၁ မီးရထားခေါင်းတွဲ DF-1367 နဲ့ ခေါင်းတွဲနောက်ရှိ y G3HV-405891, G3HV-407391, G3HV-40726 တို့မှာ တိမ်းစောင်းသွားပါတယ်။
ဒါ့အပြင် မီးရထားအရှေ့ဘက်ခြမ်းသံလမ်း အရှည် ၈ ပေလောက် ကွေးသွားကာ အနောက်ဘက်ခြမ်းသံလမ်း အရှည် ပေ ၅၀ ခန့် အရှေ့ဘက်ကို ၁ ပေခန့် နေရာရွေ့သွားသလို ဇလီဖာတုံး ၆ တုံးခန့် ပျက်စီးခဲ့ကြောင်းနဲ့ ဇလီဖာတုံး ၇၂ တုံးခန့် နေရာရွေ့သွားခဲ့ကြောင်း မီးရထားဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။