ရန်ကုန်တိုင်း၊ ကြည်မြင်တိုင်မြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက်ပိုင်းအစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ အနာဂတ် အလင်းတန်း ပရဟိတအသင်းထံက သိရပါတယ်။
ကြည့်မြင်တိုင်တဖက်ကမ်း စက်ဆန်းကျေးရွာမှာ ဒီနေ့ မနက် ၆ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး နဝေးဒေးလမ်းနဲ့ မင်းမဟော်လမ်းတို့ရှိ နေအိမ် ၁၈လုံး မီးလောင်ခဲ့ပါတယ်။
အနာဂါတ်အလင်းတန်း ပရဟိတအသင်းတာဝန်ရှိသူ တဦးက "မီးစတင်လောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး သေချာမသိသေးဘူး။ မီးလောင်မှုမှာတော့ လူထိခိုက်တာတွေ မရှိဘူး။ မီးသတ်တပ်ဖွဲ့တွေကော ပရဟိတသမားတွေလည်း ထိခိုက်မှု မရှိဘူး။ ၆ နာရီခွဲလောက်မှာ မီးသတ်တပ်ဖွဲ့က မီးအငြှိမ်းပြပေမဲ့ ဆင်းရဲသားရပ်ကွက်ဆိုတော့ လောင်တဲ့အိမ်တွေက ကပ်နေတော့ မီးကျွမ်းမီးကျန်တွေကို ဆက်ငြှိမ်းရတာ ၂ နာရီလောက်ကြာတယ်။ ပွင့်လင်းရာသီ ရောက်လာပြီးဆိုတော့ မီးဘေးအန္တရာယ်ကို ဂရုစိုက်ကျပါ" လို့ပြောပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်တဲ့အကြောင်းအရင်း နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပေ။
မီးလောင်ကျွမ်းမှုကို စက်ဆန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အနာဂါတ်အလင်းတန်းပရဟိတအသင်းနဲ့ ရပ်ကွက်နေပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်၊ ကောလိယ ၂၁ လမ်းတွင် ဇန်နဝါရီ ၂၈ ရက်က မီးပလပ်ခုံတွင် ဖုန်းအားသွင်းထားရာက အပူလွန်ကဲပြီး နေအိမ် ၈ လုံး မီးလောင်ခဲ့ပါတယ်။