ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက် ဇန်နဝါရီ ၂၈ ရက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ CDF-KKG က ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်ဟာ အလင်းဝင်လိုကြောင်း မိမိတို့တပ်ဖွဲ့ထံ ဆက်သွယ် ပြောဆိုလာတာကြောင့် CDF-KKG က ကြိုဆိုခဲ့ပြီး လက်နက်ပါလာတဲ့အတွက် ကျပ်သိန်း ၅၀ ဆုချကာ လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီရဲတပ်သားဟာ G-3 အမျိုးအစား သေနတ်တလက်၊ ကျည်ဆန် ၂၃၂ တောင့်နဲ့ CDF-KKG ထံ အလင်းဝင်ခဲ့တာလို့ ပြောပါတယ်။
Chiland Defense Force-Kale Kabaw Gangaw အဖွဲ့ဝင်တဦးက “စစ်ကောင်စီနဲ့ အပေါင်းအပါတွေ မြန်မြန်အလင်းဝင်ကြပါလို့ ပြောချင်တယ်။ ဒီတိုက်ပွဲတွေဖြစ်ခါမှ အလင်းဝင်တာမျိုး၊ လက်နက်ချတာမျိုးကတော့ ညီနောင်သုံးဖွဲ့နည်းတူ ကျနော်တို့ အလင်းဝင်တယ်လို့ မသတ်မှတ်ဘူး၊ စစ်သုံ့ပန်းအဖြစ်ပဲ သတ်မှတ်ပါတယ်။ တိုက်ပွဲတွေမဖြစ်ခင် CDM ပြုလုပ်တာမျိုး ဆိုရင်တော့ လက်နက်ပါလာရင်လည်း ဆုချမယ်။ သူတို့ သွားချင်တဲ့နေရာကိုလည်း ကျနော်တို့ ပို့ဆောင်ပေးမယ်။ ဒါကြောင့် အလင်းဝင်ကြပါလို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကလေးမြို့နယ် ကြံသာကျေးရွာအုပ်စုဘက်က ပြည်သူ့စစ်အဖွဲ့ဝင်တဦး CDF-KKG ထံ အလင်းဝင်ခဲ့ပါသေးတယ်။
စစ်အာဏာရှင် ရေရှည်တည်တံ့ရေးအတွက် အကျိုးပြုလုပ်ဆောင်နေကြတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ၊ Non-CDM ဝန်ထမ်းတွေ အနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ကြဖို့ CDF-KKG က အသိပေးထားပါတယ်။
ဆက်လက်ပြီး အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အပေါင်းအပါတွေ၊ Non-CDM ဝန်ထမ်းတွေ အနေနဲ့ မိမိတို့တပ်ဖွဲ့ထံ ချိတ်ဆက်ကာ အလင်းဝင်လို့ရကြောင်း CDF-KKG က ပြောထားပါတယ်။
ဓာတ်ပုံ-CDF-KKG