ပွင့်ပွင့်လင်းလင်းပြောတတ်သူလို့ လူသိများတဲ့ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အီဘရာဟင်ဟာ မလေးရှားဘုရင်သစ်အဖြစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ နန်းတက်ပါတယ်။
မလေးရှားရဲ့ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အလှည့်ကျဘုရင်စနစ်အရ စော်ဘွားအိမ်တော် ၉ ခုက ဘုရင်တာဝန်ကို ငါးနှစ်စီ တာဝန်ယူရပါတယ်။
မလေးရှားနိုင်ငံရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်တဲ့ ဆူလ်တန်အီဘရာဟင်ဟာ သူ့အတွက် ပထမဆုံးအကြိမ် ဘုရင်ဖြစ်ခွင့်ရတာဖြစ်ပြီး သူ့ခမည်းတော် ဘုရင်တာဝန်ယူခဲ့အပြီး ၃၄ နှစ်အကြာမှာ ဂျိုဟိုးအိမ်တော်က ဘုရင့်တာဝန်ယူဖို့ အလှည့်ပြန်ကျတာ ဖြစ်ပါတယ်။
မလေးရှားမှာ ဘုရင်စနစ်ဟာ ဂုဏ်ပြုခံသဘောသာရှိပေမဲ့ မကြာသေးမီနှစ်တွေထဲမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ရှိလာတာကြောင့် ဘုရင်က ပုံမှန်သုံးလေ့သုံးထမရှိတဲ့ တော်ဝင်ဆုံးဖြတ်ပိုင်ခွင့် အာဏာကို သုံးလာရတာမျိုးတွေ ရှိခဲ့ပါတယ်။
မလေးရှားပြည်နယ် ၁၃ ခုမှာ ၉ ခုမှာ ဆူလ်တန်လို့ခေါ်တဲ့ စော်ဘွားအိမ်တော်တွေ ရှိနေဆဲဖြစ်ပါတယ်။ ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရပြီးတဲ့နောက်မှာ စည်းမျဉ်းခံဘုရင်စနစ်ကို ထူထောင်ခဲ့ပါတယ်။
သက်တော် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဆူလ်တန်အီဘရာဟင်ဟာ ၁၆ ရာစုကတည်းက ရှိခဲ့တဲ့ စော်ဘွားအိမ်တော်က ဆင်းသက်လာသူပါ။
စော်ဘွားတွေက နိုင်ငံရေးမှာ ဝင်ပါလေ့မရှိပေမဲ့ သူကတော့ သူ့အမြင်ကို ဝင်ပြောတတ်သူဖြစ်ပြီး ဝန်ကြီးချုပ်နဲ့လည်း ဆက်ဆံရေးကောင်းသူ ဖြစ်ပါတယ်။
ဂျိုဟိုးပြည်နယ်ဟာ ၁၉၅၇ မလေးရှားလွတ်လပ်ရေးရစဉ်က ပြည်ထောင်စုထဲ ပါဝင်ဖို့ သဘောတူညီချက်အနေနဲ့ ကိုယ်ပိုင်စစ်တပ် ထားရှိခွင့်ရခဲ့တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
ငါးနှစ်တကြိမ် စော်ဘွားကြီးကိုးဦးက သူတို့အချင်းချင်းကြားမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ ဘယ်သူ အလှည့်ကျဘုရင်လုပ်မလဲ ဆိုတာကို ရွေးချယ်ပါတယ်။
အဲဒီလိုနဲ့ တဦး တကြိမ်စီ တပတ်လည်သွားပြီးတဲ့နောက်မှာ နားလည်မှုနဲ့ ဝါစဉ်အလိုက် အလှည့်ကျပဲ လုပ်ကြတဲ့ပုံစံ ပြောင်းသွားပါတယ်။
နောက်ပိုင်းကျတော့ အဲဒီလိုမဟုတ်တော့ပြန်ဘဲ မူလတာဝန်ယူကြတဲ့အစဉ်လိုက်အတိုင်း ပြန်တာဝန်ယူကြတဲ့ပုံစံ ပြောင်းထားပါတယ်။
Source/Photo-Reuters/MOHD RASFAN