ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင်း နေရာတော်တော်များများမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူနေရပ်ကွက် အဆောက်အဦတွေ မီးလောင်ပြီး လူသေဆုံးမှုတွေ ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဆီဆိုင်မြို့ ရပ်မိရပ်ဖတဦးက “လေယာဥ်နဲ့ တောက်လျှောက်ဗုံးကြဲနေတာ။ မနေ့က ၃၀ ရက်နေ့မှာ လူသေဆုံးတာ မရှိပေမဲ့ အရင်ရက်တွေက သေဆုံးတာတွေရှိတယ်” လို့ ပြောပါတယ်။
လေယာဥ်နဲ့ဗုံးကြဲတဲ့ အကြိမ်အရေအတွက် များပြီး ထိခိုက်ပျက်စီးမှုရှိတဲ့ ဟိုခဲရပ်ကွက်၊ မြကန်သာရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တွေမှာ လေယာဥ်ဗုံးကြဲမှုကြောင့် အိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၀ ရက် နေ့လယ် ၁ နာရီမှာ မြကန်သာရပ်ကွက် ယာဥ်ငယ်ဂိတ် အဆောက်အဦနားက လက်ဖက်ရည်ဆိုင် လေယာဥ်ဗုံးဆန်ထိမှန် မီးလောင်မှုဖြစ်ပွားခဲ့လို့ အနီးအနားက အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့သလို ညနေ ၅ နာရီခန့်မှာ အောင်ချမ်းသာရပ်ကွက် ထီးတလိုနယ်မြေ ၈ ရွှေညောင်ပင် ဆီပန့်ဆိုင်ရဲ့ ဆီလှောင်ကန် လေယာဥ်ဗုံးဆန် ထိမှန်ပေါက်ကွဲ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်က လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမဲ့ အရင်ရက်တွေက လေယာဥ်ဗုံးကြဲမှုကြောင့် မြကန်သာရပ်ကွက်က တဦး၊ ကန်တော်လေးရပ်ကွက်က တဦး၊ နောင်ထောဝ်ရပ်ကွက်က တဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ထိခိုက်တဲ့သူတွေက ပူပင်သောက ရောက်နေကြတာပေါ့။ အကူအညီကလည်း ဘယ်ကမှ မရသေးပါဘူး။ နီးစပ်ရာပြည်သူအချင်းချင်း နိုင်သလောက် ကူညီပေးနေကြတာပါ” ဒေသခံက ဆက်ပြောပါတယ်။
လေယာဥ်ဗုံးကြဲမှုက ရက်ဆက်ဖြစ်ပွားနေပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို အသေးစိတ် မသိရသေးပါဘူး။