နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုအပေါ် တရားရုံးရဲ့ စီရင်ချက်ဟာ “မတရားတဲ့ မှတ်တမ်းတွေကို စံချိန်ချိုးလိုက်ပြီ” လို့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပါတီဥက္ကဋ္ဌက ပါကစ္စတန်နိုင်ငံ ရာဝယ်ပင်ဒီမြို့ရဲ့ အာဒီယာလာထောင် အပြင်ဘက်မှာ ဇန်နဝါရီ ၃၀ ရက်က ပြောခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ တာရစ်ခ်အီ အင်းဆက်ဖ်ပါတီ (PTI) ခေါင်းဆောင် ဘာရစ္စတာ ဂိုဟာခန်းကလည်း ပါတီထောက်ခံသူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တည်တည်ငြိမ်ငြိမ်ရှိကြဖို့နဲ့ ဒေါသမီး မပေါက်ကွဲဖို့ တိုက်တွန်းခဲ့ပါတယ်။
အရင်နေ့က ကရာချိမြို့ ဆင်းဒ်တရားရုံးချုပ် အပြင်ဘက်မှာ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေကို ရဲတွေက ဖမ်းဆီးထားပါတယ်။
နိုင်ငံ့လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုအတွက် ပါကစ္စတန်တရားရုံးတရုံးက အင်္ဂါနေ့မှာ ခန်းကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါဟာ ရေပန်းစားတဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ ခရစ်ကတ် စူပါစတားတဦးကို အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုမှာ အပြင်းထန်ဆုံး ချမှတ်တဲ့ စီရင်ချက် ဖြစ်လာပါတယ်။
အစ္စလမ်မာဘတ်မြို့တော်က အစိုးရဆီ အမေရိကန်မြို့တော် ဝါရှင်တန်က ပါကစ္စတန်သံအမတ်က ပေးပို့တဲ့ လျှို့ဝှက်ကြေးနန်းစာမှာပါတဲ့ အကြောင်းအရာတွေကို လူသိရှင်ကြား ထုတ်ပြန်တဲ့အတွက် အသက် ၇၁ နှစ်အရွယ် ခန်းကို အထူးတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာလို့ သူ့ရဲ့ PTI ပါတီက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှား မာမွတ် ကူရေးရှီးကိုလည်း အလားတူအမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
ခန်းဟာ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လတုန်းကလည်း လူသိရှင်ကြား ထုတ်ဖော်မပြောခဲ့တဲ့ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
Source/Photo-REUTERS/Akhtar Soomro